Sunday, March 5, 2017

ရန်ကုန်ယူနိုက်တက်အသင်း ခြောက်ပွဲဆက် အနိုင်ရ



Image may contain: 3 people, people standing, people playing sports and outdoor
ရန်ကုန် မတ် ၎
၂ဝ၁၇ ဘောလုံးရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ပထမနေ့ကို ယနေ့ ညနေပိုင်းက ကျင်းပရာ ရန်ကုန်၊ ရတနာပုံ၊ နေပြည်တော်နှင့် ချင်းယူနိုက်တက် အသင်းတို့ အနိုင်ရခဲ့သည်။
(YUSCကွင်း)
ရန်ကုန် - တစ်ဂိုး၊ ရှမ်းယူနိုက်တက် - ဂိုးမရှိ
ရန်ကုန်အသင်းသည် ကျော်ကိုကို၏ ပွဲပြီးခါနီးတွင် သွင်းယူခဲ့သည့် ထောင့်ကန်ဘောတိုက်ရိုက်သွင်းဂိုးဖြင့် နိုင်ပွဲဆက်ခဲ့ပြီး ဒုတိယနေရာမှ ရတနာ ပုံကိုလေးမှတ်၊ တတိယနေရာမှ ရှမ်းယူနိုက်တက်ကို ခြောက်မှတ်ပြတ်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် နောက်ဆုံးခြောက်ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်ပြီး အိမ်ကွင်း ဂိုးမပေးရသည့် မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သည်။
ရန်ကုန်အသင်းသည် ခင်မောင်လွင်၊ ကျော်ကိုကို၊ ကျော်ဇင်ထက်၊ အီမီကာ စသည့် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သလို ရှမ်းယူနိုက်တက် အသင်းကလည်း နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများ ရရှိခဲ့သည်။ ၁၇ မိနစ်တွင် ဇွန်မိုးအောင်၏ ပြစ်ဒဏ်ဘောကန်ချက် ဘားထိထွက်ခဲ့သလို ၂၃မိနစ်တွင် အီမီကာ၏ ကန်သွင်းမှုကို ရှမ်းဂိုးသမား သီဟစည်သူ ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ခံစစ်ကို ဦးစားပေးကစားခဲ့သည်။ ဒုတိယပိုင်း အစတွင် ရှမ်းယူနိုက်တက်အသင်းက စိုးမင်းဦးနှင့် အောင်ရှိုးသာမောင်ကိုထည့်ကာ တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့သော်လည်း ပထမပိုင်း လောက်ပင် ရန်ကုန်ခံစစ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိတော့ပေ။ ရန်ကုန်အသင်းသည် ဒုတိယပိုင်းတွင် အပြောင်းအလဲ လုပ်ခဲ့သော်လည်း ရှမ်းနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီးမှ အနိုင်ဂိုးရခဲ့သည်။ ဘယ်ထောင့်ကန်ဘောကို ကျော်ကိုကိုက တိုက်ရိုက်ကန် သွင်းခဲ့ပြီး ရှမ်းဂိုးသမား သီဟစည်သူ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရခြင်း ဖြစ်သည်။
မန္တလာသီရိကွင်း၌ ကျင်းပသောပွဲတွင် ရတနာပုံအသင်းက GFA အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအတွက် ဂိုးများကို ရဲကိုဦးနှင့် အောင်သူတို့က သွင်းယူပေးခဲ့သည်။ ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပသောပွဲတွင် နေပြည်တော်အသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မတ်သယူးက ရခိုင် အတွက် ဂိုးစတင်သွင်းခဲ့သော်လည်း နေပြည်တော်အတွက် ဘမ်ဘာက ချေပဂိုး၊ အောင်မြတ်သူက အနိုင်ဂိုး သွင်းခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသော ပွဲ၌ မကွေးနှင့် ဟံသာဝတီပွဲတွင် တစ်ဂိုးစီ သရေကျခဲ့ပြီး အောင်ဆန်း ကွင်းပွဲတွင် ချင်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဒုတိယနေ့ကို မတ် ၅ ရက် ညနေ ၃ နာရီခွဲတွင် မော်လမြိုင်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး Southern အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment