Friday, March 3, 2017

ဘရက်ပစ်ရဲ့ ရုပ်ရှင်သစ် "War Machine" အစမ်းထုတ်လွှင့်

Image may contain: 1 person
ဟောလိဝုဒ်နာမည်ကျော်မင်းသားတစ်ဦးဖြစ်သူ ဘရက်ပစ် ပါဝင်သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်သစ် ''War Machine''ရဲ့ အစမ်းဗီဒီယိုကို လတ်တလောမှာ ထုတ်လွှင့်ပြသခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
နက်ဖ်လစ်ဇ်ကနေတစ်ဆင့် ထုတ်လွှင့်သွားမယ့် အဆိုပါရုပ်ရှင်ရဲ့ အစမ်းဗီဒီယိုတစ်ခုကိုတော့ နက်ဖ်လစ်ဇ်ရဲ့ ရုပ်ရှင်သစ်တွေကို အစမ်းထုတ်လွှင့် ပြသခဲ့ချိန်မှာ တစ်ပါတည်းထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အဆိုပါအစမ်းရုပ်ရှင်တွေ ကို ပြီးခဲ့တဲ့ မတ် ၁ ရက်မှာ အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ နက်ဖ်လစ်ဇ်ကနေ တစ်ဆင့် စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါရုပ်ရှင်ဟာ အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်သူ မိုက်ကယ်လ် ဟတ်စတင်းစ်ရေးသားခဲ့တဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံးသောစာအုပ် တစ်အုပ်ဖြစ်ခဲ့တဲ့ ''The Operators: The Wild and Terrifying Inside Story of America's War in Afghanistan''ကို အခြေခံကာ ပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပြီး ယင်းရုပ်ရှင်မှာတော့ ဘရက်ပစ်ဟာ အာဖကန်နစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်စစ်တပ်ကို ဦးစီးခဲ့သူ ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်မှာ ထုတ်လွှင့်ပြသလိုက်တဲ့ အစမ်းဗီဒီယိုဟာ ၄၅ စက္ကန့်သာ ကြာမြင့်ခဲ့ပြီး အဆိုပါဗီဒီယိုမှာတော့ လတ်တလောမှာ အသက်(၅၃)နှစ် အရွယ်ရှိပြီဖြစ်တဲ့ မင်းသား ဘရက်ပစ်ဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဂျော့ခ်ျကလူနီကဲ့သို့ ငွေရောက်ဆံပင်ကို ဆိုးထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဆိုပါရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ပေါ်ကို တစ်စိတ်တစ်ပိုင်းသာ မှီငြမ်းထားတဲ့ ရုပ်ရှင်ဖြစ်ပေမယ့် ယင်းရုပ်ရှင်မှာ အမေရိကန်နိုင်ငံ နေတိုးတပ်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲ့ အနိမ့်အမြင့် အတက်အကျဘဝတွေကိုတော့ တွေ့မြင်ခံစားကြရမှာဖြစ်ကြောင်းလည်း သိရပါတယ်။
''War Machine''မှာ ဘရက်ပစ်အပြင် အခြားသော ဟောလိဝုဒ်သရုပ် ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပြီး အဆိုပါသရုပ်ဆောင်တွေအနက် နာမည်ကျော်တွေဖြစ်ကြတဲ့ တေဒါဆွင်န်တန်၊ စာဘန်ကင်းစ်လေ၊ အန်ထော်နီမိုက်ကယလ်ဟောလ်၊ တော့ပ်ဖာဂရေ့စ်နဲ့ ဝေးလ်ပွတ်တာတို့လည်း ပါဝင်နေကာ ယင်းရုပ်ရှင်တစ်ကားလုံးကိုတော့ လာမယ့် မတ် ၂၆ ရက်မှာ နက်ဖ်လစ်ဇ်ကနေတစ်ဆင့် စတင်စမ်းသပ်ပြသသွားရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment