Wednesday, March 1, 2017

ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲစာတမ်းများ UPDJC သို့တင်ပြသွားမည်



Image may contain: one or more people and indoor
တောင်ငူ ဖေဖော်ဝါရီ ၂၈
တောင်ငူမြို့ ပညာရေးကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ သုံးရက်မြောက်နေ့ကို ယနေ့ကျင်းပရာ နိုင်ငံရေးဆိုင်ရာစာတမ်းများကို ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံကလည်းကောင်း၊ တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းကလည်းကောင်း၊ KNU အမျိုးသားအစည်းအရုံးမှ စောပိုပိုထူးအောင်က လည်းကောင်း ဖတ်ကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးကဏ္ဍဆိုင်ရာစာတမ်းများကို တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ ကလည်းကောင်း၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမင်းအောင် ကလည်းကောင်း၊ နိုင်ငံရေးပါတီအစု အဖွဲ့မှ ဦးသိန်းနိုင်ဝင်းက လည်းကောင်းဖတ်ကြားခဲ့ပြီး မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က လည်းကောင်း၊ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်စိုးက လည်းကောင်း ဖတ်ကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယ ဥက္ကဋ္ဌဦးသုဝေက ငြိမ်းချမ်းရေးအကြောင်းကို ပြောကြားပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဝင်ဦးဝင်းထိန်က ပြောကြားရာတွင် ဒေသဆိုင်ရာအသီးသီးမှ တင်ပြချက်၊ လိုအပ်ချက်များကို မကြာခင်ကျင်းပ မည့် (၂၁)ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ မိမိကျရာကဏ္ဍကနေ ငြိမ်းချမ်းရေးအတွက် ကြိုးကြိုးစားစား ဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက နိဂုံးချုပ်ပြောကြားရာတွင် ယခုကျင်းပသည့် ဆွေးနွေးပွဲအကြောင်းအရာများမှာ ''နိုင်ငံရေးကဏ္ဍတွင် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးစီအလိုက် ခံစားသင့်၊ ခံစားထိုက်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍမှာ ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊မြေယာဆိုင်ရာကဏ္ဍစသည့်ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည့်တူညီသောအမြင် သဘောထားများနှင့် မတူညီသော အမြင်သဘောထားများကို စုစည်းပြီး UPDJC ၏ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရေးလုပ်ငန်း ကော်မတီ၊ စီးပွားရေးဆိုင်ရာကိစ္စရပ် များဆွေးနွေးရေးလုပ်ငန်းကော်မတီ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များဆွေးနွေးရေးလုပ် ငန်း ကော်မတီတို့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌတိုင်းဒေသကြီးကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး က ဆွေးနွေးပွဲတွင်တင်သွင်းသည့် စာတမ်းများ မှတ်တမ်းတင်ထားသည့်အကြောင်း ကြေညာရာတွင် နိုင်ငံရေး ဆိုင်ရာစာတမ်းအား ဆွေးနွေးသူ ၃၁ ဦး၊ စာတမ်းတင်သူ ၇၈ ဦးကဆွေးနွေး ပြောကြားခဲ့ရာ ခေါင်းစဉ်ကြီးနှစ်ခုအား ဆွေးနွေးရာတွင် ဒီမိုကရေစီဆိုင်ရာခေါင်းစဉ်အောက်တွင် အချက် ၃ဝ၊ ဖက်ဒရယ်စနစ်ဆိုင်ရာ ခေါင်းစဉ်အောက်တွင် ၂၃ ချက်၊ တိုင်းရင်းသား လူမျိုးတစ်မျိုးစီအလိုက် ခံစားသင့်၊ ခံစားထိုက်သော အခွင့်အရေးများနှင့် လူမျိုးရေးဆိုင်ရာစုပေါင်းအခွင့်အရေး ဆိုင်ရာခေါင်းစဉ်အောက်တွင် ၃၈ ချက်၊ အဆိုပါနိုင်ငံရေးခေါင်းစဉ်ကြီးနှစ်ခုအောက်တွင် အချက်ပေါင်း ၉ဝ ကို ဆွေနွေးခဲ့ကြပြီး စီးပွားရေးဆိုင်ရာစာတမ်းအားဆွေးနွေးသူ ၄၁ ဦး၊ စာတမ်းတင်သူ ၆၉ ဦးတို့ဖြင့် ဆွေးနွေးခဲ့သည်။
စီးပွားရေးခေါင်းစဉ်နှင့် ပတ်သက်၍ ဖက်ဒရယ်အခြေခံသော ခေါင်းစဉ်ကြီး ခုနစ်ခုအား ဆွေးနွေးခဲ့ရာတွင် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေး ခေါင်းစဉ်အောက်တွင် ၁၃ ချက်၊ ဘဏ္ဍာငွေ တည်ငြိမ်မှုရရှိရေး ခေါင်းစဉ်အောက်တွင် ၁၁ ချက်၊ မျှတသော အခွန်စနစ်တည်ထောင် ရေးခေါင်းစဉ်အောက်တွင် ၁၈ ချက်၊ ပြည်သူများ၏အခွင့်အရေးနှင့် ပစ္စည်း ပိုင်ဆိုင်မှုဥပဒေကို လုပ်ထုံးလုပ်နည်း ဖြင့်ကိုင်တွယ်ရေး ခေါင်းစဉ်အောက် တွင် ၂၈ ချက်၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးလမ်း၊ တံတား၊ ရေ၊ မီး၊ လျှပ်စစ်ခေါင်းစဉ်အောက်တွင် ကိုးချက်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုကဏ္ဍခေါင်းစဉ်အောက်တွင် အချက် ၄ဝ၊ လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးခေါင်းစဉ်အောက်တွင် ၃၅ ချက်စသည်ဖြင့် အချက်ပေါင်း ၁၅၄ ချက် ဆွေးနွေးခဲ့ကြသည်။ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းကို ဆွေးနွေးသူ ၄၁ ဦး၊ စာတမ်း တင်သူ ၆၃ ဦးတို့ဖြင့် ဆွေးနွေးခဲ့သည်။
အဆိုပါ ခေါင်းစဉ်နှင့်ပတ်သက်၍ ဖက်ဒရယ်ကိုအခြေခံသော မြေယာမူဝါဒချမှတ်နိုင်ရေးအတွက် ခေါင်းစဉ်ကြီးခြောက်ခုအား ဆွေးနွေးခဲ့ရာတွင် မြေယာနှင့်သက်ဆိုင်သော ခေါင်းစဉ်အောက်တွင် ခုနစ်ချက်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတဆိုင်ရာ မူဝါဒများ ခေါင်းစဉ်အောက်တွင် အချက် ၄ဝ၊ သိမ်းဆည်းမြေများနှင့် သက်ဆိုင်သည့်မူဝါဒများခေါင်းစဉ် အောက်တွင် ၁၁ ချက်၊ ရေအရင်းအမြစ်အား အသုံးချနိုင်ရေးမူဝါဒခေါင်းစဉ် အောက်တွင် ရှစ်ချက်၊ ရေးအား လျှပ်စစ်မူဝါဒများအတွက် ပြန်လည် နေရာချထားရေးဆိုင်ရာခေါင်းစဉ် အောက်တွင်ခုနစ်ချက်၊ တိုင်းရင်းသား လူမျိုးစုများဆိုင်ရာ ဆွေးနွေးချက်များ ခေါင်းစဉ်အောက်တွင် ခုနစ်ချက်ဖြင့် အချက်ပေါင်း ၁၄၃ ချက် ဆွေးနွေး ခဲ့ကြကြောင်း ကြေညာခဲ့ပြီးဆွေးနွေးပွဲကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သူရ (တောင်ငူ)

No comments:

Post a Comment