
ရန်ကုန် မတ် ၂
၂ဝ၁၇ ဘောလုံးရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈)ကို မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ရန်ကုန်အသင်းနှင့် ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံလျက်ရှိသည်။
ပွဲစဉ် (၈)အဖြစ် မတ် ၄ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ မန္တလာသီရိ ကွင်း၌ လက်ရှိချန်ပီယံ ရတနာပုံအသင်းနှင့် GFA အသင်း၊ ဝဏ္ဏသိဒ္ဓိကွင်း၌ နေပြည်တော်အသင်းနှင့် ရခိုင်အသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဟံသာဝတီအသင်း၊ အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက် အသင်း၊ မတ် ၅ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၇)အပြီးတွင် ရန်ကုန်အသင်းက ၁၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ရှမ်းယူနိုက်တက်အသင်းက ၁၆ မှတ်၊ လက်ရှိချန်ပီယံ ရတနာပုံအသင်းက ၁၅ မှတ်၊ ဇွဲကပင်အသင်းက ၁၃မှတ်၊ ဧရာဝတီ၊ ရခိုင်နှင့်မကွေးအသင်းတို့က ရှစ်မှတ်စီ၊ ဟံသာဝတီအသင်းက ခြောက်မှတ်၊ Southern နှင့် GFA အသင်းတို့က ငါးမှတ်စီ၊ ချင်းယူနိုက်တက်နှင့်နေပြည်တော်အသင်းတို့က လေးမှတ်စီရရှိထားသည်။
ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့တွေ့ဆုံမှုမှာ ထိပ်ဆုံးနေရာအတွက် အရေးပါလာမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အနိုင်ရခဲ့ပါက အမှတ်တူသွားမည်ဖြစ်ကာ ရန်ကုန်အသင်းသာအနိုင်ရခဲ့ပါက အမှတ်ပိုဖြတ် နိုင်မည်ဖြစ်သည်။ ယင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကို တတိယနေရာမှ လက်ရှိချန်ပီယံ ရတနာပုံအသင်း အခွင့်ကောင်းယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းတွင် အဓိကနောက်ခံလူမိုကာလူး ပွဲပယ်ခံထားရပြီး ပြည်တွင်းကစားသမားများ၏ခံစစ်ဖြင့် ရှမ်းတိုက်စစ်ကို ထိန်းချုပ်နိုင်ရန် လိုအပ်နေကာ သွင်းဂိုးအများဆုံးသွင်းထားသည့် တိုက်စစ်ပိုင်းမှာ ရှမ်းနောက်တန်းကို အခက်တွေ့အောင်လုပ်နိုင်မည်မှာ သေချာပေသည်။ နောက်ဆုံးငါးပွဲဆက်အနိုင်ရထားသည့် ရန်ကုန်အသင်းအနေဖြင့် မကွေး၊ ဧရာဝတီစသည့် အသင်းကြီးများကို အိမ်ကွင်းတွင်အနိုင်ယူပြီးနောက် ရှမ်းယူနိုက်တက်ကိုလည်း အနိုင်ရရန် ကြိုးပမ်းမည်မှာသေချာနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက ရန်ကုန်အသင်းကို အဝေးကွင်းတွင် အနိုင်ကစားထားရာ ယခုရာသီတွင် ထပ်မံအနိုင်ယူပြီး အမှတ်ကွာဟမှုကိုလျှော့ချနိုင်မလားဆိုတာ စိတ်ဝင် စားစရာကောင်းနေသည်။
ယခုတစ်ပတ်တွင် နိုင်ပွဲပြန်ရထားသည့် မကွေး၊ ဧရာဝတီအသင်းတို့မှာ ကစားပုံမာကျောသည့် ဟံသာဝတီ၊ Southern တို့နှင့် တွေ့ဆုံနေပြီး နိုင်ပွဲပျောက်ဆုံးနေသည့် ချင်းယူနိုက်တက်ထံမှ ဇွဲကပင် အသင်းအမှတ်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။
သတင်း၊ ဓာတ်ပုံ-ရှိုင်းထက်ဇော်
No comments:
Post a Comment