Friday, March 3, 2017

မြန်မာ-ထိုင်း အမျိုးသမီးအသင်း ခြေစမ်းပွဲပျက်ပြယ်ကြောင်း ထုတ်ပြန်



Image may contain: 4 people, people playing sports, stadium and outdoor
မန္တလေး မတ် ၂
မန္တလေးမြို့ မန္တလာသီရိကွင်း၌ မတ် ၃ ရက်တွင် ကျင်းပရန်စီစဉ်ထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းတို့၏ ခြေစမ်းပွဲပျက်ပြယ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မတ် ၂ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနှင့်ထိုင်းအမျိုးသမီးအသင်းသည် ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်မှုအရ ခြေစမ်းပွဲကစားတော့မည်မဟုတ်ဘဲ ပူးတွဲလေ့ကျင့်မှုသာပြုလုပ်မည်ဟု သိရသည်။ ယင်းခြေစမ်းပွဲအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူများကို ပြန်လည်လဲလှယ်ပေးခဲ့သည်။ မြန်မာနှင့် ထိုင်းအမျိုးသမီးအသင်းသည် ဧပြီလတွင် ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
မတ် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် မြန်မာနှင့်ထိုင်း အမျိုးသမီးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ယင်းပွဲတွင် ပထမပိုင်း၌ မြန်မာ အမျိုးသမီးအသင်း အသာရခဲ့သော်လည်း ဒုတိယပိုင်းတွင် ထိုင်းအမျိုးသမီး အသင်းက ပြန်လည်အသာရခဲ့သည်။
နှစ်သင်းစလုံး ဂိုးရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်းအသုံးမချနိုင်ခဲ့သောကြောင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းနှင့်ခြေစမ်းပွဲ မှာ မြန်မာအမျိုးသမီးအသင်းအတွက်အကျိုးရှိမည့် ခြေစမ်းပွဲဖြစ်ခဲ့ပြီးလိုအပ်ချက်၊ အားနည်းချက်များကို ခြေစစ်ပွဲမတိုင်မီ ပြင်ဆင်နိုင်မည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment