Saturday, March 4, 2017

ရဲလုပ်ငန်းစနစ်ကို ဖော်ဆောင်သည့်အခါ ပြည်သူများအား ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်ဆိုသည့်ခံယူချက်ဖြင့် ဆောင်ရွက်

Image may contain: one or more people, people standing, grass and outdoor
နေပြည်တော် မတ် ၃
ဒီမိုကရေစီခေတ်၏ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်နှင့်အညီ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် ကျင့်ကြံနေထိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယရဲအုပ်လောင်း သင်တန်း ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ရဲအရာရှိ လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်း၌ကျင်းပစဉ် ရဲချုပ်ဇော်ဝင်းက အမှာစကားပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ ရဲချုပ်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့သည်။
ထို့နောက် သင်တန်းဆင်း တပ်ခွဲများမှ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီးနောက် ရဲချုပ်က ထူးချွန်ဆုရ ကျောင်းသားငါးဦးကို ဆုများပေးအပ်ချီးမြှင့်သည်။
ရဲချုပ်ဇော်ဝင်းက ရဲဘော်တို့အနေဖြင့် မိမိအထက်၊ အောက်ရာထူး အဆင့်ဆင့်မှာ အပြန်အလှန်လေးစားမှုနှင့် တာဝန်များကို ထမ်းဆောင်ကြရမှာ ဖြစ်ပြီး တပ်ဖွဲ့ဝင်အဆင့်ဆင့်၏ စုပေါင်းစွမ်းရည်များကို ဟန်ချက်ညီစွာ ပေါင်းစပ်ပြီး ပြစ်မှုတရားစီရင်ရေးစနစ်အပေါ် ပြည်သူများ ယုံကြည်ကိုးစားလာအောင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များမှာ ပြည်သူလူထုအလွှာအသီးသီးက တက်ကြွစွာ ပူးပေါင်းပါဝင်လာအောင် လူ့အခွင့်အရေး လေးစားမှုဖြင့် လူ့အဖွဲ့ အစည်းဝင်အားလုံးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဒီမိုကရေစီရဲလုပ်ငန်း၏ တိုးတက်မှုသည် ထိန်းချုပ်မှုကို ရှေးရှုသော CONTROL-ORIENTED APPROACH မှ ဝန်ဆောင်မှုကို ရှေးရှုသော SERVICE- ORIENTED APPROACH သို့ ပိုမိုကူးပြောင်းနိုင်ခြင်းအပေါ်မှာ မူတည်ကြောင်း၊ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ကို ဖော်ဆောင်သည့်အခါ ရဲတပ်ဖွဲ့ဝင်အားလုံးသည် နိုင်ငံသားပြည်သူများကို ဆွေမျိုးအရင်း အချာများသဖွယ် သဘောထားဆက်ဆံပြီး ပြည်သူများအား ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်ဆိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း။
ရဲလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် ဥပဒေနှင့်အညီ ဖြစ်ရုံသာမက ဉာဏ်အမြော်အမြင်လည်း ရှိကြရမည်ဖြစ်ပြီး အခြေအနေများ တိုးတက်ကောင်း မွန်လာစေရေး ဦးတည်ရမည့်အပြင် ရေရှည်တွင် အဆိုးဘက်သို့ ဦးတည်သည့် အကျိုးသက်ရောက်မှုမရှိစေရေးဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ကြောင့် တရားဥပဒေစိုးမိုးရေးအပိုင်း တာဝန်ရှိသူများအနေဖြင့် ရှောင်လွှဲမရနိုင်သည့် အခြေအနေမျိုးတွင် အင်အားကိုအသုံးပြုပြီး ဆောင်ရွက်ကြရာ၌ အချိုးအစားညီမျှမှု (Proportionality)၊ ဥပဒေနှင့်ညီညွတ်မှု (Legitimacy)၊ တာဝန်ခံမှု (Accountability)၊ လိုအပ်ချက်ရှိမှု (Necessity) စသည့် နိုင်ငံတကာစံနှုန်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းတွင် တပ်တွင်း ဘွဲ့ရအမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၁ဝ၆ ဦး စုစုပေါင်း ၃၂၇ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment