
ဘော်စတွန် မတ် ၃
ဥရောပတိုက်၌ မျှော်မှန်းနိုင်သော ဘဝသက်တမ်းမစေ့မီ စော၍ သေဆုံးရနိုင်သူဦးရေ ၁၂ဝဝ အထိ ရှိခြင်းမှာ ဗောက်စဝေဂွန်ကားများက အလွန်အကျွံထုတ်လွှတ်သော ဓာတ်ငွေ့များကြောင့် ဖြစ်ရဖွယ်ရှိကြောင်း အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၏ လေ့လာချက်သစ်တစ်ရပ်တွင် ဖော်ပြထားသည်။
သက်တမ်းမစေ့မီ သေဆုံးရသူ တစ်ဦးချင်းစီသည် မျှော်မှန်းနိုင်သော ဘဝသက်တမ်းထက် ၁ဝ နှစ်မျှ စော၍ သေဆုံးရနိုင်သည်။ ဂျာမနီနိုင်ငံ၌ ရောင်းချခဲ့သော ဗောက်စဝေဂွန်ကားများကြောင့် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ အလွန်အကျွံမီးခိုးထုတ်လွှတ်မှုရှိကာ ပြည်သူ့ ကျန်းမာရေးကို ထိခိုက်ရသည်ဆို၏။
ဂျာမနီနိုင်ငံအခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော ဗောက်စဝေဂွန်ကားကုမ္ပဏီသည် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ကမ္ဘာတစ်ဝန်း ရောင်းချခဲ့သော ဒီဇယ်ကား ၁၁ သန်းတွင် ကိရိယာတစ်မျိုးကို တပ်ဆင်ကာ လေထုညစ်ညမ်းမှုအားဖြစ်စေသည့် မီးခိုးထုတ်လွှတ်မှုနှင့်ပတ်သက်၍ တိုင်းတာစစ်ဆေးမှုကိုလှည့်ဖျားနိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ကြောင်း၊ ဒီဇယ်အင်ဂျင်အတွင်း ဆော့ဖ်ဝဲတစ်မျိုးထည့်သွင်းထားခြင်းဖြင့် မီးခိုးထုတ်လွှတ်သည့်ပမာဏအား တိုင်းတာစစ်ဆေးမှုများကို လိမ်လည်လှည့်ဖျားနိုင်ခဲ့ကြောင်း သုတေသီများက ပြောကြားကြသည်။
ဗောက်စဝေဂွန်ကုမ္ပဏီသည် မီးခိုးထုတ်လွှတ်မှုနည်းပါးသော ကားများကိုသာ တင်ပို့ရောင်းချသည်ဟု ကြွေးကြော်ကာ ကမ္ဘာတစ်ဝန်းသို့ မော်တော်ယာဉ်များကို အလုံးအရင်းဖြင့် တင်ပို့ရောင်းချခဲ့သည်။
ဥရောပတွင် ရောင်းချသည့် ကားအရေအတွက် ရှစ်သန်းအပါအဝင် ကမ္ဘာတစ်ဝန်း၌ ကားစီးရေ ၁၁ သန်း ခန့်တွင် မီးခိုးထုတ်လွှတ်မှုပမာဏကို လိမ်လည်ဖော်ပြနိုင်သည့် ကိရိယာတစ်မျိုးကို တပ်ဆင်ကာထုတ်လုပ်ခဲ့သည် ဟု ဗောက်စဝေဂွန်ကုမ္ပဏီက ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် ဝန်ခံပြောကြားခဲ့ပြီးဖြစ်သည်။
ဗောက်စဝေဂွန်၏ Porsche နှင့် Audi အမျိုးအစား ကားများနှင့် အခြားသောမော်ဒယ်များတွင် ၃ လီတာ ဒီဇယ်အင်ဂျင်များ၌ ဆော့ဖ်ဝဲတစ်မျိုးတပ်ဆင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံချိန်စံညွှန်းများကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။
ဗောက်စဝေဂွန်ကားများသည် ဥရောပ၏ မီးခိုးထုတ်လွှတ်မှု ကန့်သတ်ချက်ထက် လေးဆကျော်လွန်နေသော နိုက်ထရစ်အောက်ဆိုက်ဓာတ်ငွေ့ကို ထုတ်လွှတ်ကြောင်း၊ ဈေးကွက်များသို့ တင်ပို့ခဲ့သော ကားများကို ကုမ္ပဏီက ပြန်လည်ရုပ်သိမ်းခဲ့သည့်တိုင် ယင်းကားများ၏ ညစ်ညမ်းမီးခိုးထုတ်လွှတ်မှုသည် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေခဲ့ကြောင်း လေ့လာချက်တွင် ဖော်ပြထားသည်။
ပီတီအိုင်။
No comments:
Post a Comment