
နေပြည်တော် မတ် ၃
ကချင်ပြည်နယ်အတွင်း ကယ်ဆယ် ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများအတွက် လတ်တလော စားနပ်ရိက္ခာ ထောက်ပံ့ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်ကာလအတွင်း အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ တတ်ကျွမ်းစေရန်အတွက် လိုအပ်သော အကူအညီများပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ ယနေ့တွင် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော် မြို့နယ်တို့တွင်ရှိသော ဂျာမိုင်ကောင်း KBC ၊ မန်ခိန် KBC ၊ နန့်ကွေ့စိန် ယောဟန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ တပ်ကုန်းစံပြ နှစ်ခြင်း၊ မန်ခိန် KBC၊ မိုင်းနား ဖွံ့ဖြိုးရေးဇုန်၊ မိုင်းနားစိန့်ဂျိုးဇက်၊ ခတ်ချို၊ သာဂရသရက်တောစခန်းများ ရှိ နယ်မြေလုံခြုံရေး အခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများထံသို့ သွားရောက်တွေ့ဆုံ အားပေးပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန က လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာရိက္ခာများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့သည်။
ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့နယ် လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းသို့ရောက်ရှိပြီး သင်တန်းသားများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။ သင်တန်းသားများအတွက် တစ်ဦးချင်းဆန္ဒအရ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ သင်ယူမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး အသေးစိတ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)
No comments:
Post a Comment