Thursday, March 30, 2017

မျက်စိနှစ်လုံး အလင်းမရခဲ့သော်လည်း မလျှော့သောဇွဲဖြင့် ကြိုးစားနေသည့် မအေးချမ်းအောင်

Image may contain: 1 person, standing and hat
အသံဖမ်းစက်မှ ထွက်ပေါ်လာသည့် စကားသံများကို အာရုံစိုက်နားထောင်ရင်း ကျင့်သားရနေသည့် လက်များက ကွန်ပျူတာပေါ် လက်တင်၍ တချောက်ချောက်ဖြင့် စာရိုက်နေသည့် အမြင်အာရုံချို့ယွင်းနေသည့် မိန်းကလေး ငယ်တစ်ဦး။
''နာမည်ကသာ အေးချမ်းအောင်၊ ဘဝကမအေးချမ်းဘူး။ အမြဲတမ်းကြိုးစားနေရတယ်။ သူများတွေနဲ့မှ မတူ တာ''ဟု မိမိကိုယ်ကိုယုံကြည်မှုအားမာန်အပြည့်ဖြင့် မအေးချမ်းအောင်က ဆိုသည်။
လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် မျက်စိနှစ်လုံး အမြင်အာရုံသည် သူ ကလေးဘဝကတည်းက ချို့တဲ့ခဲ့သော်လည်း ဘဝကို အရှုံးမပေးဘဲ ကြိုးစားနေသည့် မအေးချမ်းအောင်။
မအေးချမ်းအောင်သည် မွေးရာပါ ညာဘက်မျက်စိ အမြင်အာရုံချို့ယွင်းခဲ့ပြီး အသက်(၁ဝ)နှစ်အရွယ် မူလတန်းပညာသင်ကြားနေစဉ် ဘယ်ဘက်မျက်စိမှာလည်း လုံးဝအလင်းကွယ်ခဲ့ကာ အမြင်အာရုံ ပျောက်ဆုံးခဲ့ရသည်။
သူ့အနေဖြင့် အားငယ်စိတ် မဖြစ်စေဘဲ ဘဝကို အလွယ်တကူ အရှုံးမပေးဘဲ မိခင်ဖြစ်သူ၏ အားပေးကူညီမှုဖြင့် ကြိုးပမ်းအားထုတ်ခဲ့ရာ အခြေခံပညာ အထက်တန်းကို အင်္ဂလိပ်၊ သမိုင်း၊ ဘောဂဗေဒဖြင့် သုံးဘာသာဂုဏ်ထူး၊ ရမှတ် ၄၈၁ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ ပထမအဆင့်ဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီး မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဘီအေအင်္ဂလိပ်ဘွဲ့ကို ရရှိသည်။
မအေးချမ်းအောင်အနေဖြင့် ဘဝတစ်လျှောက် အခက်အခဲများ၊ စိတ်အားငယ်မှုများ ကြုံတွေ့ရသည့် အခါတိုင်း မသန်စွမ်းပေမယ့် ထူးချွန်ထက်မြက်သည့် မစုပုံချစ်ကို စံနမူနာထားပြီး အခက်အခဲများ စိတ်ပျက်အားငယ်မှုများကို ဖြေဖျောက်ခဲ့ကြောင်း ပြောသည်။
''စိတ်ညစ်စရာတွေ၊ အားငယ်စရာတွေကြုံရင် မစုပုံချစ်အကြောင်း ပြန်တွေးတယ်။ သူက ကျွန်မ အလေးစားရဆုံးသူပါ''ဟု မအေးချမ်းအောင်က ဆိုသည်။
မအေးချမ်းအောင်သည် အမြင်အာရုံချို့ယွင်းသည့် လူငယ်များ၏ ပညာမျက်စိအလင်းဖွင့်ကာ ဘဝအနေအထား မြင့်မားစေလိုသည့် စိတ်ရင်းစေတနာဖြင့် ၂ဝ၁၂ ခုနှစ်တွင် ရမည်းသင်း မျက်မမြင်ကျောင်း၌ စေတနာ့ ဝန်ထမ်းလုပ်အားပေးဆရာမအဖြစ် သွားလုပ်ခဲ့သည်။
''မျက်မမြင်ကျောင်းမှာ ကလေးတွေရှိပြီး သင်ပေးမယ့်သူမရှိတာနဲ့ နှစ်လသွားလုပ်တယ်။ ကလေးတွေ စိတ်ဓာတ်တက်ကြွအောင် ပုံပြင်လေးတွေပြောပြတယ်။ မသန်စွမ်းတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ယောက်အကြောင်း ပြောပြတယ်။ ကလေးတွေ စိတ်ဓာတ်က ကိုယ့်ထက် ထက်သန်နေတယ်'' ဟု မအေးချမ်းအောင်က ပြောသည်။
မအေးချမ်းအောင်အနေဖြင့် တက္ကသိုလ်မှ ဘွဲ့ရပြီးသော်လည်း ဘဝအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် အင်္ဂလိပ်-မြန်မာ ဘာသာပြန်လုပ်ငန်းကို လေ့လာခဲ့ပြီး တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ခေါ်ယူသည့် မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု မြှင့်တင်ရေး သင်တန်းသို့ တက်ရောက်ခဲ့သည်။
လက်ရှိအချိန်တွင် အင်္ဂလိပ်-မြန်မာ ဘာသာပြန် လုပ်ငန်းဖြင့် ဘဝအသက်မွေးဝမ်းကျောင်းကို လုပ်ကိုင်နေပြီး မိခင်ဖြစ်သူကို လုပ်ငန်းမှရရှိသည့် ဝင်ငွေဖြင့် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေသည် ဟု ၄င်းကပြောသည်။
''ဘာသာပြန်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်။ အခွင့်အရေး ရလာမယ်ဆိုရင်တော့ ဘွဲ့လွန်တစ်ခုရချင်သေးတယ်။ မသန်စွမ်းကလေးတွေ အတွက်လည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ပေးချင်တယ်'' ဟု အနာဂတ်ရည်မှန်းချက်နှင့်ပတ်သက်ပြီး မအေးချမ်း အောင်က ဆိုသည်။
ပညာရေးသည် လူတစ်ဦးတစ်ယောက်၏ ဘဝတစ်လျှောက် ရှင်သန်ရပ်တည်မှုနှင့် မိမိတည်ရှိရာ ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၏ တိုးတက်ရာတိုးတက်ကြောင်း အကျိုးပြုနိုင်မှုတို့အတွက် လိုအပ်သောအသိတရား ကျွမ်းကျင်မှုများ၊ စိတ်နေစိတ်ထားနှင့် ဖန်တီးမှုတို့ကို ပျိုးထောင်ပေးခြင်းဖြစ်သည်ကို မအေးချမ်းအောင်က သက်သေသာဓက ပြလိုက်သည်။
ငယ်စဉ်ကတည်းက မျက်စိနှစ်လုံး အလင်းမရခဲ့သော်လည်း မလျှော့သောဇွဲ၊ မပြတ်သောလုံ့လ၊ ခိုင်မာသော ဝီရိယတို့ဖြင့် ပညာရေးတွင် ထူးချွန်ထက်မြက်စွာ ကြိုးစားနိုင်ရုံသာမက လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် မအေးချမ်းအောင်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် ဖေဖော်ဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုလိုက်သည်။
မအေးချမ်းအောင်က ''မျက်စိနှစ်လုံး အလင်းပြန် ရမယ်ဆိုရင် အမေနဲ့ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ချိန်လုံး ရှိနေပေးတဲ့ သူငယ်ချင်းတွေကို ပထမဆုံး မြင်ချင်တယ်'' ဟု ဆိုသည်။
အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူများ ကို သာမန်သူများနှင့်မခြား နယ်ပယ်စုံတွင် တန်းတူညီမျှ ဆက်ဆံမှုရရှိနိုင်ရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားတက္ကသိုလ်ကြီးတစ်ခုတွင် ပြည်သူ့ရေးရာမူဝါဒပညာရပ်နှင့်ပတ်သက်သည့် မဟာဘွဲ့ရယူရန် စိတ်ပိုင်းဖြတ်ထားသူလည်းဖြစ်သည်။
အသက်(၂၇)နှစ်အရွယ် မအေးချမ်းအောင်သည် ရခိုင်တိုင်းရင်းသားဖခင် ဦးမြင့်အောင်နှင့် ဓနုတိုင်းရင်းသူ မိခင် ဒေါက်တာဒေါ်သန်းနုတို့က ၁၉၉ဝ ပြည့်နှစ်တွင် အောင်ပန်းမြို့၌ မွေးဖွားသန့်စင်ခဲ့သူဖြစ်သည်။
သတင်းဆောင်းပါး-မင်းသစ်
ဓာတ်ပုံ-ACA

No comments:

Post a Comment