Thursday, March 30, 2017

တစ်နှစ်တာအောင်မြင်မှုမှသည်




နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ထူးခြားသောနိုင်ငံ ရေးဖြစ်စဉ်အပြောင်းအလဲတစ်ခု ဖြစ်ထွန်းခဲ့လေပြီ။ ၂ဝ၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံဆန္ဒမဲဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရအဖွဲ့ နိုင်ငံ့တာဝန်ယူလာခဲ့သည်မှာ (ယနေ့) မတ်လ ၃ဝ ရက်နေ့တွင် သက်တမ်းတစ်နှစ်တိတိ ပြည့်မြောက်လေပြီ။
အစိုးရအနေဖြင့် တစ်နှစ်တာတည်းဟူသော နိုင်ငံ့တာဝန်များကို ရယူလာခဲ့သည်မှာ နိုင်ငံအုပ်ချုပ်ရေးတာဝန်များသာမက အပြောင်းအလဲကို အလိုရှိကြကုန်သော ပြည်သူလူထုတစ်ရပ်လုံး၏ ကြီးမားသော မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်များကိုပါ ပူးတွဲလက်ခံ ဆောင်ရွက်ပေးနေရသည်။ အစိုးရအတွက် တစ်နှစ်တာသော အချိန်ကာလ အတိုင်းအတာမှာ မများလှသေးသော်လည်း ပြည်သူလူထု၏ဆန္ဒဖြည့် ဆည်းရေးနှင့် နိုင်ငံအုပ်ချုပ်ရေးတာဝန်များကို အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အရပ်သားအစိုးရအနေဖြင့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းရာတွင် ပန်းခင်းသောလမ်းတွင် လျှောက်လှမ်းနေရခြင်းမဟုတ်ဘဲ ယခုမှ ခင်းရသော မြေကြမ်းကြမ်းလမ်းတွင် လျှောက်နေရသကဲ့သို့ ခရီးလမ်းကြမ်းပေါ်တွင် ဖြတ်သန်းနေရသည်။ လမ်းလည်းပြင် ခရီးလည်းထွင်ရသဖြင့် ထင်သလောက်ခရီးမပေါက်သေးဟု ဆိုချင်လည်းဆိုကြမည်ဖြစ်သည်။ သို့သော် တစ်နှစ်တာကာလအတွင်း အတိုင်းအတာတစ်ခုအထိ ခရီးပေါက်သည်ဟု ပြောနိုင်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ပြည်သူလူထု၏ထောက်ခံမှုဖြင့် ထူးထူးခြားခြားအစိုးရတစ်ရပ်ပေါ်ပေါက်လာခဲ့ရာတွင် စိန်ခေါ်မှုများစွာနှင့် တစ်နှစ်တာသက်တမ်းကာလအတွင်း စွမ်းဆောင်ရည်များအပေါ်တွင် ဝေဖန်သုံးသပ် အကဲဖြတ်မှုများရှိသည်။ လူတို့၏သဘောသဘာဝအရ မိမိတို့အကြိုက် အားပေးထောက်ခံကြမှုများ၊ အပြုသဘောဆောင် အကောင်းမြင်မှုများရှိသလို အပြစ်မြင်အဆိုးထင်ကြမှုများလည်း ရှိပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ပြည်သူလူထုစိတ်ဝင်စားမှုအထူးရှိသည့် အရပ်သားအစိုးရ နိုင်ငံ့တာဝန်လွှဲပြောင်းမှုမှာ သိမ်မွေ့ညင်သာချောမွေ့ခဲ့ပြီး ကမ္ဘာ့နိုင်ငံအများစု၏ အားပေးထောက်ခံမှုတို့မှာ ထူးခြားမှုများဖြစ်သလို ဒီမိုကရေစီအနှစ်သာရများနှင့် လောကဓမ္မတရားတို့နှင့်အညီ တိုင်းပြည်နှင့် ပြည်သူပြည်သားတို့အား အုပ်ချုပ်စီမံဆောင်ရွက်နေသည်မှာ အမှန်ဖြစ်သည်။
ဌာနများ ကျစ်လျစ်မှုရှိစေရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက် မှုရှိစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများကို ခြိုးခြံချွေတာနိုင်စေရန် ပြည်ထောင်စုဝန်ကြီးဌာနအရေအတွက်ကို လျှော့ချနိုင်ခဲ့သလို ဌာနအချို့ ပေါင်းစပ် ဖွဲ့စည်းနိုင်မှုများမှာလည်း ထူးခြားချက်ပင်ဖြစ်သည်။ တစ်ဆက်တည်းတွင် တိုင်းရင်းသားပြည်သူများ မျှော်လင့်စောင့်စားလျက်ရှိသည့် နှစ်ပေါင်း များစွာဝေးကွာနေသော ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဦးစားပေးသည့် အနေဖြင့် (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ခဲ့ခြင်းမှာလည်း ထူးခြားမှုပင်ဖြစ်သည်။
ဥပဒေပြုရေးအပိုင်းမှ ပြည်သူလူထုအကျိုးစီးပွားအတွက် ပြည်သူ့ဘဏ္ဍာငွေများအား မယိုမဖိတ်လျှော့ချသုံးစွဲနိုင်ခြင်း၊ ပြည်သူလူထုအများစုကို ထိခိုက်စေနိုင်သော ဥပဒေအချို့ကို ပယ်ဖျက်နိုင်ခြင်းနှင့် ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရေးဆွဲနိုင်ခြင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသွားသော်လည်း စီးပွားရေးအတက်နှေးနေသည်ကို ပွင့်ပွင့်လင်းလင်းဝန်ခံပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေခြင်းနှင့် အခြားအခြားသော အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေမှုများမှာ ငြင်း၍မရသော ရလဒ်ကောင်းများဟု ဆိုရမည်ဖြစ်သည်။
အစိုးရအနေဖြင့် ဆယ်စုနှစ်များစွာ ကြုံတွေ့နေရသောအခက်အခဲ များကို လက်ဝယ်ပိုက်၍ကိုင်တွယ်ဖြေရှင်းနေသည်မှာ တစ်နှစ်တာကာလ မျှသာဖြစ်သော်လည်း လမ်းကြောင်းမှန်ပေါ်တွင်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပန်းတိုင်သို့ရောက်အောင် တက်ညီလက်ညီ ဆက်လက် လျှောက်လှမ်းကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment