Thursday, March 30, 2017

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအတွက် ခရီးသည်တင်အမြန်ရေယာဉ် လွှဲပြောင်းပေးအပ်


No automatic alt text available.

စစ်တွေ မတ် ၂၉

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသရေလမ်းခရီးတွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရ၏ The Economic and Social Development Programme အစီအစဉ်ဖြင့် ပေးအပ်လှူဒါန်းသည့် ရေယာဉ်သုံးစင်းအနက် ပထမတစ်စင်းဖြစ်သည့် ကစ္ဆပနဒီ-၁ ခရီးသည်တင် အမြန်ရေယာဉ် လွှဲပြောင်းပေးအပ်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ဦးဆိပ်ကမ်း၌ ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကစ္ဆပနဒီ-၁ ခရီးသည်တင် ရေယာဉ်လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Tateshi HIGUCHI က ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲမည့် ခရီးသည်တင်အမြန်ရေယာဉ်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရီးသည်တင်အမြန်ရေယာဉ် လှူဒါန်းမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၏ကိုယ်စား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr.Tateshi HIGUCHI က ကစ္ဆပနဒီ-၁ ခရီးသည်တင်အမြန်ရေယာဉ် လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ်အဖြစ် သော့တံအား ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ထံ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ကောင်စစ်ဝန် Mr. Lichiro MARUYAMA က ကစ္ဆပနဒီ(၁) ခရီးသည်တင် အမြန်ရေယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr.Tateshi HIGUCHI နှင့် တာဝန်ရှိသူများက ရေယာဉ်လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ်ဖဲကြိုးကို ဖြတ်ပေးကြပြီး ကစ္ဆပနဒီ(၁) ရေယာဉ်ရှိ ဂျပန်-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ဆိုင်းဘုတ် ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြကာ အဆိုပါအမြန်ရေယာဉ်ဖြင့် ကစ္ဆပနဒီမြစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကစ္ဆပနဒီ(၁) ခရီးသည်တင်ရေယာဉ်သည် အလူမီနီယံကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အလျား ၂၉ ဒသမ ၉ဝ မီတာ၊ရေစူး ၁ ဒသမ ၆ မီတာရှိပြီး ခရီးသည် ၁၄၂ ဦး တင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် ၂ဝ မောင်းနှင်နိုင်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းနှင့် ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးမှုအကူအညီအထောက်အပံ့အစီအစဉ်ဖြင့် စီမံကိန်းအသစ် ရှစ်ခုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းအစီအစဉ် များအနက် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင်ရေယာဉ် သုံးစင်း လှူဒါန်းရေးနှင့်စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနှင့်ဂျပန်နိုင်ငံတို့မှတာဝန်ရှိသူများက အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-ရာမည၊ တင်စိုး

No comments:

Post a Comment