Saturday, March 4, 2017

စားနပ်ရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အထောက်အကူပြုနိုင်ရန် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ



Image may contain: 1 person, sitting and text
နေပြည်တော် မတ် ၃
ရာသီဥတုပြောင်းလဲမှုပြဿနာကို ကြိုတင်ကာကွယ်ရာတွင် ဒေသနှင့်လိုက်လျောညီထွေရှိသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်လိုအပ်လာမည်ဖြစ်သကဲ့သို့ သဘာဝအခြေခံအဆောက်အအုံ(Natural Infrastructure)များဖြစ်သည့် ဒီရေတောများ၊ ကမ်းရိုးတန်းဒေသသစ်တောများနှင့် သန္တာကျောက်တန်းများပျက်စီးမှုမရှိအောင် ထိန်းသိမ်းကာကွယ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ်အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်း၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ ဗဟို ကော်မတီဝင်များဖြစ်ကြသည့် အမြဲ တမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ ကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆက်လက်ပြောကြားရာတွင် ယနေ့အစည်း အဝေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးပါသည့် ပင်လယ်ကမ်းရိုးတန်းဒေသ သယံဇာတများကို ရေရှည်တည်တံ့ ရန်နှင့် အကျိုးအရှိဆုံး အသုံးချနိုင်ရန် စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းနိုင်ရန်နှင့် မူဝါဒများချမှတ်ရန် ဖွဲ့စည်းထားသည့် ဗဟိုကော်မတီ၏ တာဝန်များကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ပထမဆုံး ခေါ်ယူကျင်းပသည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါကြောင်း၊ အဓိက အရေးပါသည့်သယံဇာတများမှာ ရေနှင့်မြေ၊ သစ်တောများ၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားတစ်ဦး ချင်းစီ၏ ရေအရင်းအမြစ်ပမာဏ (Renewable Fresh Water Resources Per Capita)သည် အမေရိကန် ပြည်ထောင်စုထက် နှစ်ဆ၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံထက် ၁၅ဆနှင့် အိန္ဒိယနိုင်ငံထက် ၁ဝဆရှိပါကြောင်း၊ မြေသယံဇာတအနေဖြင့်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၂၅ နိုင်ငံမြောက် စိုက်ပျိုးမြေ ဧရိယာအများဆုံး နိုင်ငံဖြစ်ပါကြောင်း၊ သစ်တောသယံဇာတအနေဖြင့် နိုင်ငံဧရိယာစုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းသည် ယခုအချိန်အထိ သစ်တောများဖုံးလွှမ်းနေပါကြောင်း။
ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေချိန်တွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ရပ် ဖော်ဆောင်နိုင်မည့် အခြေခံများကိုတည်ဆောက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ကြွယ်ဝသည့် သဘာဝသယံဇာတများကို အခြေခံပြီး ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်မှုဒဏ်ကို ကြံ့ကြံ့ခံကျော်လွှားနိုင်ရန်နှင့် သဘာဝဂေဟစနစ်များ တည်တံ့ခိုင်မြဲရန်တို့ကို ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသသည် ၂၈၃၂ ကီလိုမီတာခန့် ရှည်လျားပြီး အိန္ဒိယ သမုဒ္ဒရာအဝန်းအဝိုင်းတွင် အရေးပါသည့် သဘာဝဂေဟ စနစ်များ တည်ရှိရာဒေသဖြစ်ပါကြောင်း၊ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသတွင် ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်း ဂေဟစနစ်၊ ပင်လယ်မြက်ခင်း ဂေဟစနစ်များကိုတွေ့ရှိရပြီး အဆိုပါဂေဟစနစ်များက ကမ်းရိုးတန်းဒေသ နေပြည်သူများနှင့် နိုင်ငံအတွက် ရေထွက်ကုန်ပစ္စည်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်နေပါကြောင်း၊ ကမ်းရိုးတန်းဂေဟစနစ်များသည် ငါး၊ ပုစွန်များ အပါအဝင် ရေနေသတ္တဝါအမျိုးမျိုးရှင်သန် ကျက်စားနေထိုင်ရာဒေသများ ဖြစ်ရုံသာမက လေပြင်းမုန်တိုင်းများနှင့် ဆူနာမီရေလှိုင်းများ၏ အန္တရာယ်မှလျော့နည်းစေရန် ကာကွယ်ပေးပါကြောင်း၊ မြေပေါ်နှင့် မြေအောက်ရေချိုအရင်းအမြစ်များအတွင်းသို့ ရေငန်ဝင်ရောက်ခြင်းနှင့် ကမ်းခြေဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ချောင်းကမ်းပါးများ ရေတိုက်စားပြီး မြေပြိုခြင်း အန္တရာယ်ကိုလည်း ကာကွယ်ပေးပါကြောင်း။
ထို့ကြောင့် ပင်လယ်နှင့်ကမ်းရိုးတန်းဒေသများကို စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်နိုင်ခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေး တို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ဒီရေတောဂေဟစနစ်သည် ပင်လယ်ပြင်နေသက်ရှိများနှင့် ပတ်ဝန်းကျင်အတွက်အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ရပ်တည်နေပါကြောင်း၊ ဒီရေတောများ ပျက်စီးဆုံးရှုံးပါက ကမ်းနီး ကမ်းဝေးငါးဖမ်းလုပ်ငန်း နှစ်မျိုးလုံးကို များစွာထိခိုက်ပြီး ဆက်စပ်နေသည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကိုလည်း ပျက်စီးစေမည်ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ သယံဇာတ အရင်းအမြစ်များသည် အကြောင်းအမျိုးမျိုးကြောင့် လျှင်မြန်စွာယိုယွင်း ပျက်စီးလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လူဦးရေတိုးပွားလာခြင်းနှင့်အတူ ရေတိုအကျိုးစီးပွားအတွက် သယံဇာတများ မဆင်မခြင်ထုတ်ယူအသုံးပြုခြင်း၊ ကမ်းရိုးတန်းဂေဟစနစ်များမှရရှိသည့် လူမှုစီးပွားရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာတန်ဖိုးများကို သိရှိနားလည်မှုအားနည်းခြင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့်ဆိုင်သည့် မူဝါဒများချမှတ်မှု အားနည်းခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းများတွင် အစိုးရဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၏ အကျိုးသက်ရောက်မှု အားနည်းခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်းတို့သည် ကမ်းရိုးတန်းဒေသသယံဇာတများ ပြုန်းတီးပျက်စီးခြင်း၏ အကြောင်းရင်းများ ဖြစ်ပါကြောင်း၊ ထိုသို့သောပြုန်းတီးပျက်စီးမှုများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသာမက နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေပါကြောင်း။
ပင်လယ်ကမ်းရိုးတန်းဒေသရှိ သယံဇာတများ ပျက်စီးပြုန်းတီးမှုနှင့် ဆိုင်သည့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ငါး၊ ပုစွန်များပေါက်ပွား ရှင်သန်ကျက်စားရာဖြစ်သည့် ဒီရေတောများ၊ သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်ခင်းများ များစွာပျက်စီးသွားခဲ့သည်ကို လေ့လာဆန်းစစ်ချက်များအရ သိရှိရပါကြောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မူလရှိခဲ့သည့် ဒီရေတော ဧရိယာထက် များစွာလျော့နည်းကျဆင်းသွားခဲ့ပြီး မူလက အရှေ့တောင် အာရှဒေသတွင် အကောင်းဆုံး အနေအထားတွင်ရှိသည်ဟု ယူဆခဲ့ကြသည့် မြိတ်ကျွန်းစုဒေသရှိ သန္တာကျောက်တန်းများသည်လည်း သိသာထင်ရှားစွာ ပျက်စီးလာနေသည်ကို အစီရင်ခံစာများအရ သိရှိရပါကြောင်း။
လက်ရှိကမ်းရိုးတန်းဒေသ သယံဇာတများ ယိုယွင်းပျက်စီးမှုကို ပိုမို ဆိုးရွားလာစေနိုင်သည့်ပြဿနာသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့်အတူ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာခြင်းနှင့် သဘာဝဘေးအန္တရာယ် များ ပိုမိုဖြစ်ပွားလာခြင်းပင်ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည့်အတွက် ကမ်းရိုးတန်းဒေသများ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသက မြေနိမ့်ဧရိယာများတွင်ရှိသည့် လူနေအိမ်ခြေနှင့် စိုက်ပျိုးမြေ ဧရိယာများကို ထိခိုက်လာမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်း ဒေသမုန်တိုင်းများ ပိုမိုဝင်ရောက်နိုင်ကာ ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သည့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အခြေခံအဆောက်အအုံများ ဆုံးရှုံးမှုပိုမို များပြားလာနိုင်ပါကြောင်း။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ် နှစ်ခုတို့ တည်ရှိပြီး လူဦးရေသန်းပေါင်း ၂ဝ ကျော် မှီတင်းနေထိုင်ကြသည့်အတွက် ရာသီဥတုပြောင်းလဲမှုပြဿနာကို အလေးထားကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရန်အတွက် ဘက်စုံ စီမံအုပ်ချုပ်လုပ်ကိုင်မှု နည်းလမ်းအသုံးပြုရန် ကနဦးအစီ အစဉ်များရှိပြီးဖြစ်ပါကြောင်း၊ ကနဦးလုပ်ငန်းစဉ်များကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ (Myanmar Agenda 21)တွင် နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသနှင့် သယံဇာတများကို ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်နေသည့် ပေါင်းစပ်ညှိနှိုင်းမှုယန္တရားတစ်ရပ် တစ်နည်းအားဖြင့် အဆင့်မြင့်မူဝါဒနှင့် လုပ်ငန်းစဉ်ချမှတ်ရေးအဖွဲ့ တစ်ဖွဲ့ကို အမျိုးသားအဆင့်တွင် ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ၏ တာဝန်နှင့် ဝတ္တရားများတွင်လည်း ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ မဟာဗျူဟာ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန်နှင့် အကောင်အထည်ဖော်ရန်ဆိုသည့် အချက်ပါဝင်ပါ ကြောင်း၊ အဆိုပါအဖွဲ့၏ တာဝန်ဝတ္တရားများကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်ရန် မိမိတို့နိုင်ငံအတွင်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်နှင့် ရန်ပုံငွေတို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာနှင့် ရန်ပုံငွေအကူ အညီဖြင့် ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒီရေတောပညာပေး ဗီဒီယိုမှတ်တမ်းအား ပြသသည်။
ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ''ပင်လယ်ကမ်းရိုးတန်းသယံ ဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ''ကိုလည်းကောင်း၊ သယံဇာတာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘိုနီက ''ပင်လယ်ကမ်းရိုးတန်း ဒေသရှိ သစ်တောနှင့် ဒီရေတောဂေဟစနစ်များ၏ လက်ရှိအခြေအနေနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ'' ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ''ကမ်းနီး၊ ကမ်းဝေးရေထွက်ပစ္စည်း သယံဇာတများထိန်းသိမ်းရေးနှင့် ထုတ်လုပ်မှု အခြေအနေ'' ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ''ပင်လယ်ကမ်းရိုးတန်းဒေသ စိုက်ပျိုးမြေများ၏ လက်ရှိစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ''ကို လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ''ပင်လယ်ကမ်းရိုးတန်းဒေသ သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ် လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ဘေးထွက်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ''ကိုလည်းကောင်း၊ ဟိုတယ်နှင့်
ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က ''ပင်လယ်ကမ်းရိုးတန်းဒေသ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းအပါအဝင် ခရီးသွားလာရေးလုပ်ငန်း၏ လက်ရှိအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများ'' ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ ဝန်ကြီးများနှင့် တက်ရောက်လာ သူများက ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ မြစ်ကြောင်းများ ထိန်းသိမ်းရေး၊ ဒီရေတောများထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက် မှုမရှိစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment