
ရန်ကုန် မတ် ၃
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်အတိုင်း တိုင်းပြည်ကိုချစ် သောစိတ်၊ မိမိနိုင်ငံကို အခြားတိုးတက်သော နိုင်ငံများကဲ့သို့ တိုးတက်ချမ်းသာသည်ကို မြင်လိုသောစိတ်တို့ဖြင့် ဝန်ထမ်းကောင်းများ ဖြစ်စေရန် ကြိုးစားအားထုတ်ပြီး ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် ပြည် ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက ဝန်ထမ်းကောင်းဆိုသည်မှာ မိမိတတ်သိနားလည်ရမည့် အရည်အချင်းများကို ပိုင်ဆိုင်အောင် လေ့လာဆည်းပူးမှု အမြဲဆောင်ရွက် နေသူများဖြစ်သည့်အပြင် ပြည်သူ များ၏ အကျိုးစီးပွားကို စေတနာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရသူများဖြစ်ကြောင်း ဆက်လက်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာတွင် နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေးအတွက် ယခင် Old Public Administration မှသည် နိုင်ငံတော်က ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီစနစ်နှင့် လျော်ညီသော New Public Administration ၊ New Public Management ၊ New Public Governance တို့ကို အထောက်အကူပြုမည့် New Public Service Delivery လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူများအား ကောင်းမွန်သော ဝန်ဆောင်မှုများ ပိုမိုပေးနိုင်မည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွန်း လာစေရန်အတွက် ပြုပြင်ပြောင်းလဲ မှုများစွာကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ရည်မှန်းချက်များကို ပြည်သူနှင့်အတူ လက်တွဲ၍ အောင်မြင် ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ''နိုင်ငံတော်တည်ထောင်မှု ပြည်သူနှင့်ဝန်ထမ်းလက်တွဲပြု'''Cooperation of the Civil Service and Public Creates a Nation" ဆိုသည့် ဆောင်ပုဒ်အသစ် ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိကြီး များကို ယခုလို သင်တန်းများပေး ခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အရည် အသွေး ဖွံ့ဖြိုးတိုးတက်မှု (Individual Capacity Development) မှသည် အဖွဲ့အစည်းတစ်ခုလုံး၏ အရည်အသွေးဖွံ့ဖြိုးတိုးတက်မှု (Organi- zational Capacity Development) ရရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီနှင့် တစ်ဖွဲ့လုံး၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာရေးအတွက် အတွေ့အကြုံများနှင့် ဗဟုသုတများကို ပေါင်းစပ်ကာ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများကို အစဉ်လေ့လာဆည်းပူးနေရန် လိုအပ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး အောင်မြင်ရန်မှာ ခေါင်းဆောင်တစ်ဦး တစ်ယောက်ပေါ်မှာပဲ မှီခိုအားထား ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ပါကြောင်း၊ လူတိုင်းလူတိုင်းသည် မိမိတို့သက်ဆိုင်ရာ၊ မိမိတို့ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးတွင် မိမိတို့ကိုယ် မိမိတို့ ခေါင်းဆောင်စိတ်ဓာတ်မွေး၊ ခေါင်းဆောင်တာဝန်ယူပြီး ကြိုးစားဆောင်ရွက်ကြမှသာ နိုင်ငံနှင့်လူမျိုးတိုးတက် အောင်မြင်လာမည် ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ မိမိတတ်သိနားလည်ရမည့် အရည်အချင်းများ ကိုပိုင်ဆိုင်အောင် လေ့လာဆည်းပူးမှုကို အမြဲဆောင်ရွက်နေသူဖြစ်သည့်အပြင် နိုင်ငံသားများ၏ အကျိုးစီးပွားကို စေတနာနှင့်လုပ်ကိုင်ဆောင်ရွက် ကြသူများဖြစ်ကြောင်း ဆက်လက်မှာကြားသည်။
အဆိုပါ သင်တန်းသို့ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်များ၊ ပြည်ပအဖွဲ့အစည်းများဖြစ်သည့် Hanns Seidel Foundation-HSF၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၊ EU(GOPA)၊ ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသ သတင်းအချက်အလက်နည်းပညာဌာန (UN APCICT)၊ မလေးရှားနိုင်ငံ EDS Business School/Akamal University USA မှ ပညာရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများဖြစ်သည့် YCTC Business Institute ၊ Business Innovation Facility တို့မှ ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကို လာရောက် ပို့ချခဲ့ကြသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခဲ့သည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဝင်းမော်၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက် မြန်မာပြည်) ပါမောက္ခချုပ် ဦးညီညီစံ၊ တာဝန်ရှိသူများနှင့် ညွှန်ကြားရေးမှူး အဆင့်၊ အဆင့်မြင့်အရာထမ်း သင်တန်းသား ၄ဝ၊ သင်တန်းသူ ၁၈ ဦး စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment