
မန္တလေး မတ် ၎
ဧကာဒသမအကြိမ်မြောက် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်အခမ်းအနားကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေး ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိန်လှထွေး တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က ''ကတိသစ္စာ တည်သောခါဝယ်၊ သြဇာလေးနက်ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏'' ဆိုသည့်အတိုင်း ကိုယ်ကျင့်သိက္ခာ စင်ကြယ်ခြင်းသည် ဆေးစွမ်းပို၍ထက်သည့်အတွက် ဘွဲ့ရ မောင်မယ်များအနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူအပေါင်းက ယုံကြည်အားကိုးလောက်သည့် သမားတော်ကောင်းများဖြစ်ရန်လိုကြောင်း၊ ထို့ပြင် ''သက်ကြည့်ဗေဒင် တတ်မြောက်မြင်လျက်၊ ဆင်ခြင်ထောက်ရှု ဆေးကုလိမ္မာ၊ ဆေးစာမြားမြောင် ကျမ်းစောင် စောင်ကို၊ တတ်ခေါင်တွင်ကျယ် ချစ်ဖွယ်ရှိခြင်း၊ သီတင်း ဖြူစင် ကျင့်စုံလင်အံ့'' ဆိုသည့် နရသုခိကျမ်းလာအတိုင်း သမားအင်္ဂါ(၅)ရပ်နှင့် ပြည့်စုံသည့် တိုင်းရင်းဆေးပညာရှင်များအဖြစ် မကျန်းမာသူများကို မေတ္တာ၊ စေတနာအရင်း ခံပြီး နွေးနွေးထွေးထွေး ဆက်ဆံကြပါရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဧကာဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ ရရှိသူ ၁၂ ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(ပုံမှန်)ရရှိသူ ၈၁ ဦးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ(ပေါင်းကူး)ဘွဲ့ရရှိသူ ၁၉ ဦး စုစုပေါင်း ၁၁၂ ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းပေးခဲ့ပြီး ယခုအကြိမ်အထိ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ရရှိသူ စုစုပေါင်း ၃၇ ဦးနှင့် မြန်မာ့တိုင်းရင်းဆေး ပညာဘွဲ့ရရှိသူ စုစုပေါင်း ၁၄၁၄ ဦးတို့ကို မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် တိုင်းရင်းဆေးဆရာမှတ်ပုံတင် လက်မှတ်ပေးအပ်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေး ပညာဦးစီးဌာန တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က တိုင်းရင်းဆေးဆရာလက်မှတ် ကို လက်ခံရရှိခဲ့ကြပြီးဖြစ်သည့် ဆရာ ဆရာမတို့သည် တိုင်းရင်းဆေးဆရာများ လိုက်နာရမည့် စည်းကမ်းများကို မိမိအသက်ရှည်သရွေ့ စောင့်ထိန်းလိုက်နာကြရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ဝယ်ရရှိခဲ့သည့် တိုင်းရင်းဆေးဆရာ လက်မှတ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် မြန်မာ့တိုင်းရင်း ဆေး၏ဂုဏ်ကို ထွန်းပြောင်လာအောင် ဖော်ဆောင်ပေးနိုင် သော ပြည်သူလူထုက အားကိုးရသည့် တိုင်းရင်းဆေးဆရာ ကောင်းများ ဖြစ်လာနိုင်အောင် ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ စီမံရေးရာအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ ဝင်များ၊ ဆရာ ဆရာမများ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment