Sunday, March 5, 2017

စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များ အားပေးမြှင့်တင်ခြင်းဖိုရမ်ကျင်းပ



Image may contain: 1 person, standing and indoor
ရန်ကုန် မတ် ၎

စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာတွင် အမျိုးသားရော အမျိုးသမီးပါ စိန်ခေါ်မှုမျိုးစုံကြုံတွေ့ရသော်လည်း အမျိုးသမီးများသည် ရှုထောင့်မျိုးစုံ ရင်ဆိုင်ကျော်လွှားရန် ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် အမျိုးသမီး လုပ်ငန်းရှင်များအား အားပေးမြှင့်တင်ခြင်းဖိုရမ်မှ သိရသည်။
အဆိုပါဖိုရမ်ကို သြစတြေးလျပညာသင်ဆုရ မြန်မာ ကျောင်းသားဟောင်းများအဖွဲ့(AAMA) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ကာ စွန့်ဦးတီထွင်သူ အမျိုးသမီးလုပ်ငန်းရှင်များ၊ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်တို့က အမျိုးသမီးများ၏ စိတ်ဓာတ်မြှင့်တင်ပေးခြင်းဆိုင်ရာများကို ပြောကြားခြင်း၊ ၎င်းတို့၏ အတွေ့အကြုံများနှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် အောင်မြင်အောင်ဆောင်ရွက်ခဲ့သည်များကို အပိုင်းနှစ်ပိုင်းခွဲကာ မျှဝေခဲ့သည်။
AAMA အဖွဲ့ဝင် ဒေါက်တာခင်ရူပါကျော်က ''မြန်မာပြည်က စီးပွားရေးလုပ်ငန်းလုပ်ဆောင်တဲ့ အမျိုးသမီးဦးရေ နည်းပါးနေသေးတယ်လို့မြင်ပါတယ်။ အမျိုး သမီးထုအနေနဲ့ စီးပွားရေးလုပ်ဆောင်ရာမှာ ဒီထက်ပိုပြီး ရင်ပေါင်တန်းနိုင်ရင် ပိုပြီးကောင်းမှာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါမှာလည်း အမျိုးသားထုနဲ့ မိသားစုဝင်တွေရဲ့ အားပေးကူညီမှုတွေ အများကြီးလိုပါတယ်။ ဒါတွေ ဆောင်ရွက်တဲ့အခါမှာလည်း စိတ်ရှည်လက်ရှည်နဲ့ ဆောင်ရွက်ဖို့လိုအပ်ပါတယ်''ဟု ပြောသည်။
ကျား၊ မရေးရာ ကွာခြားမှု အခြေအနေသည် မြို့ပြများတွင် လျော့ကျလာသော်လည်း အမျိုးသမီးစွန့်ဦး တီထွင်သူ အရေအတွက်အနေဖြင့် နည်းပါးနေသေးကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှု၊ လူမှုရေး စံသတ်မှတ်ချက်များ၊ မိသားစုတာဝန်များ၊ ငွေကြေးဆိုင်ရာ နှင့် အရင်းအမြစ်များအား လက်လှမ်းမီနိုင်မှုနှင့် အမျိုး သမီးများအတွက် အထောက်အပံ့ဖြစ်မည့် ပတ်ဝန်းကျင် အစရှိသည်တို့သည် အမျိုးသမီး စွန့်ဦးတီထွင်သူများဖြစ် လာစေမည့် ရည်မှန်းချက်များကို အဟန့်အတားဖြစ်စေ လျက်ရှိကြောင်း အဆိုပါဆွေးနွေးပွဲတွင် အမျိုးသမီးစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
NGO Gender Group မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်မေမေပြုံးက ''ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေလည်း စွန့်ဦးတီထွင်ဖြစ်နိုင်ပါတယ်။ မိမိမှာရှိတဲ့ အတတ်ပညာ၊ လေ့လာထားတဲ့ပညာတွေ ပူးပေါင်းပြီး အသက်မွေး ဝမ်းကျောင်းပဲဖြစ်ဖြစ်၊ သူများနဲ့မတူတဲ့ စွန့်ဦးတီထွင်ခြင်း ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တယ်။ ပိုက်ဆံရှိမှမဟုတ်ဘဲ လုပ်ဆောင်လို့ရပါတယ်။ ဒါတွေလုပ်ဆောင်မယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို သိရှိထားဖို့ လိုအပ်ပါတယ်''ဟု ပြောသည်။
နှစ်စဉ် မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ကာ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး စသည့်ကဏ္ဍအသီးသီး၌ အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း သိရသည်။
ယခုနှစ်အတွက်ဆောင်ပုဒ်မှာ ''ပြောင်းလဲဖို့ ရဲရင့်စို့''ဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအား အပြောင်းအလဲလုပ်ဆောင်ရန် အားပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-မြတ်စန္ဒီ၊ ဓာတ်ပုံ-မွန်မွန်

No comments:

Post a Comment