
ရန်ကုန် မတ် ၎
ယနေ့သည် စနေနေ့ အားလပ်ရက် ဖြစ်သည်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းသည် စာအုပ်ဆိုင်များ ခင်းကျင်းထားသော်လည်း နံနက်ပိုင်းတွင် ရောင်းသူ၊ ဝယ်သူ၊ လေ့လာသူများဖြင့် တိတ်ဆိတ် လျက်ရှိပြီး မွန်းလွဲပိုင်းတွင် စာပေချစ်မြတ်နိုးသူများ၊ လေ့လာသူများနှင့်အတူ ပြန်လည်စည်ကားလာခဲ့သည်။
ရန်ကုန်စာအုပ်လမ်းတွင် တိုက်ရိုက်ရောင်းချသည့် စာပေတိုက်များ၊ စာပေတိုက်ပေါင်းစုံမှ စာအုပ်များကို တစုတဝေးတည်း စုစည်းရောင်းချနေ သည့် စာအုပ်ဆိုင်များ အပါအဝင် စာအုပ်ဆိုင်ခန်းပေါင်း ၁၇ဝ ရှိသည်။
ရန်ကုန်စာအုပ်လမ်းသို့ လာရောက် ဝယ်ယူလေ့လာသူ အဘဦးသိန်းအောင်က ''အဘက ပင်စင်စားတစ်ဦးပါ။ စနေ-တနင်္ဂနွေ အပတ်စဉ်တော့ စာအုပ်တွေကို ဘယ်ဝယ်နိုင်ပါ့မလဲကွယ်၊ အခုဟာက ကုန်ဈေးနှုန်းကလည်း ကြီးသည်ထက် ကြီးလာ၊ အိမ်စရိတ်ကလည်း ရှိသေးတော့ မကြာခဏတော့ လာဝယ်ဖြစ်ပါတယ်''ဟု ပြောသည်။
စာအုပ်ဆိုင်ပေါင်း ၁၇ဝ ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသော ရန်ကုန်စာအုပ်လမ်းတွင် စာပေချစ်မြတ်နိုးသူ ပရိသတ်များအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ ရှေးယခင်က ထုတ်ဝေခဲ့သော သတင်းစာ အဟောင်းများ၊ သုတ၊ ရသအဟောင်း၊ အသစ် လုံးချင်းဝတ္တုတို၊ ဝတ္တုရှည် စာအုပ်များ၊ ရှားပါးသည့် သမိုင်းဝင်စာအုပ်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာသုတ၊ ရသစာအုပ်များ၊ ဆေးပညာဆိုင်ရာစီဒီခွေများ၊ ကလေးငယ်များအတွက် ပုံပြင်စာအုပ်မျိုးစုံ၊ မြန်မာ အနုပညာအရုပ်များ၊ ပန်းချီကားများ၊ မြန်မာမှုစာတန်းများ ရိုက်နှိပ်ထားသည့် စပို့ရှပ်၊ လွယ်အိတ်မျိုးစုံတို့ကို တစုတဝေးတည်း ခင်းကျင်းရောင်းချ ပေးလျက်ရှိသည်။
အချို့သော စာအုပ်ဆိုင်များသည် စာအုပ်များကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးလျက်ရှိသည်။
ရန်ကုန်စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းတို့က စာအုပ်စာပေဖွံ့ဖြိုးရေး အစီအစဉ်အရ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးရှေ့၊ ဗဟိုပုံနှိပ်တိုက်စက်ရုံရှေ့၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံး (ရန်ကုန်ရုံးခွဲ)ရှေ့၊ အနော်ရထာလမ်း ဗဟိုပုံနှိပ်တိုက် ဘက်ခြမ်းမျက်နှာစာတို့၌ စနေ၊ တနင်္ဂနွေရက်များတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
သတင်း-ကိုကိုဇော်၊
ဓာတ်ပုံ -ဇော်မင်းလတ်
No comments:
Post a Comment