Thursday, March 30, 2017

ကျောက်မီးသွေးထုတ်လုပ်မှု လုပ်ငန်းများမြှင့်တင်နိုင်ရေး ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စည်းမျဉ်းများကို ဒေါ်နယ်ထရန့်ဖျက်သိမ်း



Image may contain: 13 people, people standing and suit
ဝါရှင်တန် မတ် ၂၉
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အိုဘားမား လက်ထက်က ချမှတ်ခဲ့သော ရာသီဥတုပြောင်းလဲခြင်းဆိုင် ရာ ဥပဒေစည်းမျဉ်းများအား ပြန်လည်ဖျက်သိမ်းရန် သမ္မတအခွင့်အာဏာဆိုင်ရာ အမိန့်တစ်ရပ်ကို ထုတ်ပြန် လိုက်ကြောင်း၊ ယင်းမှာ ကျောက်မီးသွေးထုတ်လုပ်မှု လုပ်ငန်းကို မြှင့်တင်အားပေးပါမည်ဆိုသော ရွေးကောက်ပွဲ ကာလ မဲဆွယ်စည်းရုံးရေး ကတိကဝတ်အတိုင်း လုပ် ဆောင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
စွမ်းအင်လုပ်ငန်းကဏ္ဍလွတ်လပ်ခွင့်ရှိရေးအမည်ရှိ သမ္မတအခွင့်အာဏာဆိုင်ရာ ညွှန်ကြားချက် လက်မှတ် ရေးထိုးပွဲသို့ ကျောက်မီးသွေးတွင်း လုပ်ငန်းရှင်များနှင့် အမှုဆောင်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီဌာန ချုပ်၌ မတ် ၂၈ ရက်တွင် အဆိုပါညွှန်ကြားချက်ကို သမ္မတ က လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သမ္မတထရန့်က ညွှန်ကြားချက်လက်မှတ်ရေး ထိုးလိုက်ပြီးနောက် မကြာမတင်မှာပင် ပြည်နယ်များနှင့် ဒေသန္တရအစိုးရအဖွဲ့ ၂၃ ခုပါဝင်သော ညွန့်ပေါင်းအဖွဲ့က လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများကလည်းကောင်း ဝေဖန်မှုများဖြင့် တုံ့ပြန်ခဲ့ကြသည်။
သမ္မတ၏ အမိန့်ဒီကရီသည် ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသဖြင့် တရားရုံးတော်တွင် ဥပဒေကြောင်း အရ ဆက်လက်ဆောင်ရွက်သွားကြမည်ဟု ယင်းအဖွဲ့ အစည်းများက သန္နိဋ္ဌာန်ပြုခဲ့ကြသည်။
သမ္မတ၏ အမိန့်ဒီကရီ၏ဦးတည်ရာ ပစ်မှတ်မှာ ယခင်သမ္မတ ဘားရက်အိုဘားမား၏ သန့်ရှင်းသော စွမ်းအင်အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်အရ အမေရိ ကန်ပြည်နယ်များသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများမှ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် စည်းမျဉ်းသတ်မှတ်ထားသည်။ ၂ဝ၁၅ ခုနှစ်က ပြင်သစ် နိုင်ငံ ပါရီမြို့၌ နိုင်ငံပေါင်း ၂ဝဝ ခန့်က ရရှိခဲ့သော ရာသီ ဥတုပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်နှင့်အညီ အမေရိကန်က သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်ရေးသို့ ဦးတည်ခဲ့သည်။
အမေရိကန်၏စွမ်းအင်လုပ်ငန်းအပေါ် ချမှတ်ထား သော ကန့်သတ်ချက်များအား ရုပ်သိမ်းနိုင်ရန်လည်းကောင်း၊ စွမ်းအင်လုပ်ငန်းများအပေါ် အစိုးရ၏ ကြားဝင်စွက်ဖက်မှု အား အဆုံးသတ်စေရန်လည်းကောင်း၊ အလုပ်အကိုင်အခွင့် အလမ်းများကို ပိတ်ပင်တားဆီးသော စည်းမျဉ်းများအား ဖျက်သိမ်းရန်လည်းကောင်း မိမိ၏လုပ်ဆောင်မှုများသည် သမိုင်းဝင် ဆောင်ရွက်ချက်များဖြစ်လာမည်ဖြစ်ကြောင်း သမ္မတထရန့်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment