Thursday, March 2, 2017

မုံရွာဆိပ်ကမ်းမှ နေ့စဉ်ပြေးဆွဲနေသော ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်စစ်ဆေး

Image may contain: outdoor and water
မုံရွာ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ခရီးသည်နှင့် ကုန်တင်ပြေးဆွဲနေသည့် ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရေးနှင့် သတ်မှတ်စည်းကမ်းများ လိုက်နာစေရေးအတွက် ပူးပေါင်းအဖွဲ့မှ နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်စိုးကျော်က ပြောသည်။
ပူးပေါင်းအဖွဲ့တွင် ရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီတို့ပါဝင်ပြီး နေ့စဉ် နံနက် ၄ နာရီခွဲမှ စတင်ကာ စစ်ဆေးနေခြင်းဖြစ်သည်။
''ရေယာဉ်တွေ လိုင်စင်ထုတ်ပေးရာမှာ ရေယာဉ်တစ်စီး စတင်မတည်ဆောက်ခင်ကတည်းက ပုံစံဆွဲပြီး ဌာနကိုတင်ပြရမယ်။ ဌာနက ခွင့်ပြုချက်ပုံစံနဲ့ အလျား၊ အနံ၊ ရေစူးစသဖြင့် ညီညွတ်မှ ခရီးသည်တင်ရေယာဉ်နဲ့ ကုန်တင်ရေယာဉ်ခွဲခြား မှတ်ပုံတင်ပေးပြီး ရေကြောင်းသွားလာတဲ့အခါ ရေယာဉ်လိုင်စင်၊ ရေယာဉ်
အုပ်လိုင်စင် စတာတွေအပြင် ခရီးသည်တွေ ဘေးကင်းလုံခြုံရေးအတွက် အသက်ကယ်အင်္ကျီတွေ အလုံအလောက်ပါဖို့ စစ်ဆေးတယ်'' ဟု ၄င်းကပြောသည်။
မုံရွာမြို့ဆိပ်ကမ်းအခြေပြုပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်အသင်းများမှာ ရွှေနဒီ အသင်းတွင် အစီး ၂ဝ၊ မိုးဇင်သောအသင်းတွင် အစီး ၂ဝ၊MGRG နှင့် ငွေဇင်ဦးအသင်းတွင် ၁၉ စီး၊ ချင်းတွင်းညီနောင်အသင်းတွင် ၁၅ စီး၊ ရွှေပြည်ကမ္ဘာအသင်းတွင် ၁၅ စီး၊ မြန်မာဇမ္ဗူထွန်းအသင်းတွင် ငါးစီး၊ ရွှေဇင်ထွန်းအသင်း
တွင် ၁ဝ စီး၊ အောင်စိုးမိုးရေယာဉ်အသင်းတွင် ရှစ်စီး စုစုပေါင်း ၁၁၂ စီးနှင့် ကုန်တင်ရေယာဉ် ၅၄၄ စီး စုစုပေါင်းရေယာဉ် အစီးရေ ၆၅၆ စီး ပြေးဆွဲနေကြောင်း သိရသည်။
''မုံရွာနဲ့ နမ့်တောရွာကို တစ်လကို သုံးခေါက်ထက်မနည်း သွားနေရတာ။ ခရီးသည်တင်ရေယာဉ်တွေမှာတော့ ခရီးရှည်စီးရတာ မသက်သာဘူး။ ထိုင်ခုံတွေက ကျပ်လွန်းလို့ အဲဒါလေးလုပ်ပေးစေချင်တယ်။ ကျန်တဲ့ အပိုင်းတွေ စစ်ဆေးရေးလုပ်နေတဲ့အတွက် အဆင်ပြေတယ်''ဟု ခရီးသည်တစ်ဦးက ပြောသည်။
ပုဂ္ဂလိက ရေယာဉ်များထွက်ခွာပါက ထွက်ခွာမှုကို တစ်ရက်ကြိုတင်သတင်းပို့ရန်၊ တင်ဆောင်မည့်ပစ္စည်းများနှင့် ခရီးသည်ဦးရေတို့ကို မှတ်တမ်းတင်ခြင်းနှင့် ညနေ ၆ နာရီကျော်တွင် ခုတ်မောင်းခြင်းမရှိရန်တို့ကို စိစစ်နေကြောင်း သိရသည်။
မင်းထက်အောင်(မန်ုးကိုယ်ပွား)

No comments:

Post a Comment