Thursday, March 2, 2017

'ဘီလူး'ဇာတ်ကားရဲ့အဆက် 'သားဘီလူး'ဇာတ်ကား ယခုတစ်ပတ်ရုံတင်မည်

Image may contain: 1 person, standing and outdoor
တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်လောကမှာ လူကြိုက်များကျော်ကြားခဲ့တဲ့၊ သရုပ်ဆောင် ဗေလုဝကို မွေးထုတ်ပေးခဲ့တယ်လို့ ဆိုနိုင်လောက်တဲ့ ''ဘီလူး''ဇာတ်ကားရဲ့ နောက်ဆက်တွဲ ''သားဘီလူး''ဇာတ်ကားသစ်ကို ယခုတစ်ပတ်မှာ ရုံတင်ပြသပေးတော့မှာဖြစ်ပါတယ်။
ဒီဇာတ်ကားသစ်လေးဟာ ''ဘီလူး'' ဇာတ်ကားရဲ့ ဖန်တီးရှင် ဝတ္ထု အကြည်တော်ရဲ့ လက်ရာပဲဖြစ်ပြီးတော့ ကျေးလက်တောရွာနေ ရိုးသားတဲ့ တောသူတောင်သားများရဲ့ သဘာဝသရုပ်ကိုပုံဖော်ထားတဲ့ ကျေးလက် နောက်ခံ အချစ်ဟာသဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကတော့ နေဒွေး၊ ထွန်းထွန်း၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ ခိုင်သင်းကြည်၊ ဗေလုဝ၊ ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ အနုပညာရှင် များစွာက ပါဝင်အားဖြည့်ပေးထားတဲ့ဒီဇာတ်ကားလေးကို ခရေဖြူ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက ထုတ်လုပ်ထားတာဖြစ်ပြီးတော့ ဝတ္ထု အကြည် တော်၊ ဇာတ်လမ်း နေစိုးသော်တို့နဲ့အတူ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုံဖော်ဖန်တီးပေးထား တာဖြစ်ပါတယ်။
ဗေလုဝရဲ့ ''ဘီလူး''တုန်းကလည်း တစ်ရွာလုံးကို အုံးအုံးကြွက်ကြွက်ဖြစ်အောင် မွှေသွားခဲ့ပြီး အခု နောက်ဆက်တွဲ ''သားဘီလူး''မှာရော ဘယ်လိုတွေ ဆက်မွှေအုန်း မှာလဲဆိုတာတော့ စိတ်ဝင် စားဖွယ်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။
အခု အသစ်ရုံတင်ပြသမယ့် ''သားဘီလူး''ဇာတ်ကားသစ်ဟာ ဟာသ သက်သက်မဟုတ်ဘဲ ပညာပေးသဘော တရားများနဲ့ နယ်ချဲ့တို့ကို တိုက်ထုတ် နိုင်ခဲ့သည့် ရိုးသားသော ကျေးလက်တောင်သူတို့ရဲ့ မျိုးချစ်စိတ်ပြင်းထန်ပုံ အကြောင်းတို့ကိုလည်း ထည့်သွင်းခြယ်မှုန်းထားကြောင်းသိရပါတယ်။
''သားဘီလူး''မြန်မာဟာသဇာတ်ကားသစ်ကို သမ္မတ၊ သွင်၊ မင်္ဂလာ(၁) သိမ်ကြီးဈေး၊ တော့ရွိုင်ရယ်(စိန်ဂေဟာ ပါရမီ)၊ မင်္ဂလာစံပြ၊ မင်္ဂလာ(ဂမုန်းပွင့်)၊ ဝင်းလိုက်၊ မြို့မ၊ မင်္ဂလာထွန်းသီရိ ပဲခူးမြို့နဲ့ မကွေးမြို့မှာရှိတဲ့ မင်္ဂလာရုပ်ရှင် ရုံတွေနဲ့ တောင်ငူမြို့က NEW 3D Cinema ရုပ်ရှင်ရုံတို့မှာ မတ်လ ၃ ရက်နေ့ က စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတစ်ပတ်မှာ မြန်မာဇာတ်ကားကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီး အနေနဲ့ မြန်မာဇာတ်ကားသုံးကားကို တစ်ပြိုင်တည်း ရွေးချယ်ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ အရင်အပတ်က ပြသနေဆဲဇာတ်ကားတွေဖြစ်တဲ့ ဟာသ ဇာတ်ကား ''ကြီးကြီးကျယ်ကျယ်''နဲ့ အိမ်ထောင်ရေးဇာတ်ကား''မောင့်အိမ်သူ'' တို့ကိုလည်း မကြည့်ရသေးသူတွေ ဆက်လက် ကြည့်ရှုနိုင်ကြမှာပါ။
သရုပ်ဆောင် လူမင်းနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ''မောင့် အိမ်သူ'' ဇာတ်ကား ကိုတော့ ရှေ့ဆောင် (၂) ရုပ်ရှင်ရုံမှာ ဆက်လက်ရုံတင်မှာဖြစ်ပြီးတော့ မြင့်မြတ်၊ ဟိန်းဝေယံ၊ အိချောပိုနဲ့ ရွှေမှုံရတီတို့ရဲ့ ''ကြီးကြီးကျယ်ကျယ်'' ဟာသဇာတ်ကား ကိုတော့ ရှေ့ဆောင်၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဝဇီရာ)လှိုင်သာယာ၊ မင်္ဂလာ (ဂမုန်း ပွင့်)လှည်းတန်း စံရိပ်ငြိမ်၊ မင်္ဂလာ ဒိုင်းမွန်း၊ မင်္ဂလာထွန်းသီရိ၊ မန်း နေပြည် တော်၊ မင်္ဂလာရုပ်ရှင်ရုံ (ပဲခူး)နဲ့ မကွေးမြို့ရှိ မင်္ဂလာစံပြရုပ်ရှင်ရုံတို့မှာ ဆက်လက်ရုံတင်ပြသပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သိပ္ပံဇာတ်ကား Resident Evil: The Final Chapter ကို လည်း ဒီတစ်ပတ်မှာဆက်လက်ရုံတင် ပြသပေးမှာဖြစ်သလို John Wi ခု မှုခင်းအက်ရှင်ဇာတ်ကားကိုလည်း ဆက်လက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ဇာတ်ကားသစ်အနေနဲ့ Cchool Tales လို့အမည်ရတဲ့ သည်းထိတ်ရင်ဖို ထိုင်းသိဥာဉ်ဇာတ်ကားကို လာမည့် မတ်လ ၃ ရက်မှ စတင် ကာ နေပြည်တော်၊ မင်္ဂလာ(ဂမုန်းပွင့်)နဲ့ မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံတွေမှာ ကြည့်ရှု ကြနိုင်မှာဖြစ်ပါကြောင်း ကြေးမုံရုပ်ရှင်အညွှန်းကဏ္ဍမှ ညွှန်းဆို တင်ဆက်လိုက်ရပါတယ်။
ဖြိုးစန္ဒာမြင့်

No comments:

Post a Comment