
ပေကျင်း မတ် ၃
တရုတ်အမျိုးသား နိုင်ငံရေးအကြံပေးကွန်ဖရင့် (The Chinese People's Political Consulative Conference -CPPCC)၏ ၁၂ ကြိမ်မြောက် အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ Great Hall of the People ခန်းမဆောင်၌ စတင်ကျင်းပသည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်များနှင့် ပြည်သူ့ကိုယ်စားလှယ် ၃ဝဝဝ ကျော် တက်ရောက်ကြသည်။ ယနေ့အစည်းအဝေးကို မတ် ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ်ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံရေးအကြံပေး အဖွဲ့ဝင်များက ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို တင်သွင်းကြမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်၌ တရုတ်နိုင်ငံ၏ အာကာသနည်းပညာကဏ္ဍကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် အဓိကထားတင်ပြထားကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ဝန်ဆောင်မှု၊ ပညာရေးနှင့် ယဉ်ကျေးမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ ဘဏ္ဍာရေး၊ နည်းပညာ၊ ဆေးပညာနှင့် ကျန်းမာရေး၊ မူဝါဒနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဟောင်ကောင်၊ မကာအို စသည့် တရုတ်ပြည်ပဆိုင်ရာ ကိစ္စရပ်များကို အဓိကထား၍ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်အမျိုးသား နိုင်ငံရေးအကြံပေးကွန်ဖရင့် အစည်းအဝေး (CPPCC)ကို ၁၉၄၉ ခုနှစ်မှစတင်၍ ငါးနှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်သည် ၁၂ ကြိမ်မြောက် ဖြစ်သည်။ CPPCC ၏ ပထမအကြိမ် ညီလာခံ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ပေကျင်းမြို့အား သတ်မှတ်ခြင်း၊ နိုင်ငံတော်အလံ သတ်မှတ်ခြင်းနှင့် အမျိုးသား သီချင်းသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရိန်ဦး(သတင်းစဉ်)
No comments:
Post a Comment