Saturday, March 4, 2017

မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်အစိုးရတို့ ချေးငွေချေးယူရေးဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုး



Image may contain: 3 people, people sitting and indoor
နေပြည်တော် မတ် ၃
မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့အကြား စာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း၊ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Tateshi Higuchi ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့်ပစ္စည်းများ တိုးချဲ့သည့်စီမံချက် အကောင်အထည်ဖော်ရန်အတွက် ဂျပန်ယန်း ၂ ဒသမ ၂၆၃ ဘီလီယံ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာနှင့် ဘီလူးချောင်းအမှတ်(၁) ဓာတ်အားပေးစက်ရုံနှင့် ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံတို့၏ ဓာတ်အားပေးစက်များကို အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်းအတွက် ODA ချေးငွေ ဂျပန် ယန်း ၁ဝ ဒသမ ၇၈၇ ဘီလီယံ ချေးယူရေးဆိုင်ရာ စာချွန်လွှာတို့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Tateshi Higuchi တို့က လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြန်ကြားရေးကဏ္ဍတွင် သတင်းအချက် အလက်နှင့် ရုပ်သံများ ထုတ်လွှင့်ဖြန့်ချိရာ၌ ပိုမိုထိရောက်ပြီး အရည်အသွေးကောင်းမွန်လာစေရန်၊ မြန်မာနိုင်ငံရှိ ဘီလူးချောင်း အမှတ်(၁) ဓာတ်အားပေးစက်ရုံနှင့် ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံတို့၏ ဓာတ်အားပေးစက်များကို အချိန်မီပြုပြင်ခြင်းဖြင့် စက်စွမ်းအားပြည့် စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ပေးနိုင်ရန်နှင့် နိုင်ငံ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment