Saturday, March 4, 2017

ဗိသုကာပညာ၊ ဆောက်လုပ်ရေးနည်းပညာနှင့် ရေရှည်တည်တံ့သည့် မြို့တော်တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံတကာကွန်ဖရင့် ကျင်းပ

Image may contain: one or more people and people sitting
ရန်ကုန် မတ် ၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးတို့၏ ဦးဆောင်မှုတို့ဖြင့် ဗိသုကာပညာ၊ ဆောက်လုပ်ရေးနည်းပညာနှင့် ရေရှည် တည်တံ့သည့် အနာဂတ်မြို့တော် တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်တစ်ခုကို ''နည်းပညာ ယဉ်ကျေးမှု-ရေရှည်တည်တံ့သည့် အနာဂတ်မြို့တော် တစ်ရပ် တည်ဆောက်ခြင်း''ဟူသော ခေါင်းစဉ်ဖြင့် မတ် ၃ ရက်က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ကွန်ဖရင့်တွင် ခေတ်မီအဆင့်မြင့် နည်းပညာများ အသုံးပြုခြင်းဖြင့် မြို့တော်ဖွံ့ဖြိုးတည်ဆောက်ခြင်းတွင် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း၊ ရေရှည်တည်တံ့သည့် မြို့တော်၊ ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင် တည်ဆောက်ခြင်း စိန်ခေါ်ချက်အား ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်ဖြေရှင်းချက်များအား ဖော်ထုတ်နိုင်ရေး၊ အီတလီနိုင်ငံနှင့် မြန်မာနိုင်ငံအကြား မြို့တည်ဆောက်ခြင်းနှင့် ဆောက်လုပ်ရေး ဆိုင်ရာ နည်းပညာများ ပေါင်းကူးဖလှယ်နိုင်ရေးနှင့် သတင်းအချက်အလက် အသိပညာ အတွေ့အကြုံများကို ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
အဓိကထား ဆွေးနွေးခဲ့ကြသည့် အပိုင်းသုံးပိုင်းမှာ (၁)မြို့တော်တည်ဆောက်ခြင်း-ဗိသုကာပညာနှင့် ရေရှည် တည်တံ့သည့် မြို့တော်၊ (၂) အထပ်မြင့်အဆောက်အအုံများ- ဆောက်လုပ်ရေးနည်းပညာနှင့် အဆင့်မြင့်ကွန်ကရစ် အသုံးပြုမှု၊ (၃) သမိုင်းဝင်အဆောက်အအုံများ- သွင်ပြင် လက္ခဏာနှင့် ပြန်လည်မွမ်းမံခြင်း နည်းပညာတို့ဖြစ်ပြီး အီတလီနိုင်ငံမှ ပညာရှင်များအပြင် မီလန်မြို့ မြို့ပြစီမံ ခန့်ခွဲမှုနှင့် အခြေခံအဆောက်အအုံ စီမံစနစ်များ အပါအဝင် နိုင်ငံတကာ မြို့တည်ဆောက်ခြင်း၊ ဗိသုကာနှင့် လူနေအဆောက်အအုံ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် နိုင်ငံတကာအတွေ့အကြုံရှိ Milan Polytechnic University မှ ပါမောက္ခတစ်ဦး ပါဝင် ဆွေးနွေးခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံမှ ပညာရှင်များ၊ မြန်မာ အင်ဂျင်နီယာအဖွဲ့အစည်း၊ မြန်မာဗိသုကာပညာရှင်များ အဖွဲ့အစည်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့တို့မှ ထင်ရှားသည့် ပညာရှင်များ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။
''ရန်ကုန်မြို့ရဲ့ ဦးဆောင်ဖွံ့ဖြိုးတိုးတက်မှုက မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒဆိုင်ရာ မဟာဗျူဟာကျတဲ့အနေ အထားမှာ ရှိနေပါတယ်။ ဒီကွန်ဖရင့်မှာ ဆွေးနွေးဖလှယ် မှုတွေဟာ မြန်မာနိုင်ငံအတွက် နည်းပညာနဲ့ ပညာရပ် ဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ချက် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်း အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်ရေးနှင့် မြို့နေလူထုအတွက် ထိရောက်ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် မြို့ပြဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် စိန်ခေါ်မှုများစွာ တွေ့ကြုံရမည်ဖြစ်သည့်အပြင် အဆိုပါ စိန်ခေါ်မှုများအား ရင်ဆိုင်ရာတွင် နည်းပညာဆိုင်ရာယဉ်ကျေးမှုသည် အဓိကအခရာကျသည့် တန်ဖိုးတစ်ရပ်၊ အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း အဆိုပါကွန်ဖရင့်တွင် အဓိကထား ဆွေးနွေးခဲ့ကြသည်။
ယင်းကြောင့် ရေရှည်တည်တံ့သည့် အနာဂတ် အတွက် မြို့တော်တစ်ရပ် တည်ဆောက်ခြင်းဟုဆိုရာတွင် ရေရှည်တည်တံ့မှု၏ အဓိကကဏ္ဍသုံးရပ်ဖြစ်သည့် လူမှု အဖွဲ့အစည်း၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်တို့အား မျှတစွာ စီမံခန့်ခွဲနိုင်ရေးကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးတို့နှင့်အတူ Star Land Development Myanmar တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
(ဝဝ၁)
ဓာတ်ပုံ- စောသိန်းဝင်း

No comments:

Post a Comment