Wednesday, March 1, 2017

လိုင်လင်းပီ၊ ရေဇွာနှင့် မတူပီမြို့နယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လှည့်လည်ဆောင်ရွက်



Image may contain: one or more people and people standing
မတူပီ ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာထွန်းနိုင်တို့ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့မှ လိုင်လင်းပီမြို့သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ် ဖောက်လုပ်မည့်နေရာသို့ရောက်ရှိရာ လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လေယာဉ်ကွင်းဖောက်လုပ်မည့် မြေနေရာရွေးချယ်ထားမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်ကွင်းဖောက်လုပ်နိုင်မည့် အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် လေယာဉ်ကွင်းဖောက်လုပ်မည့် မြေနေရာ၌ စက်ယန္တရားများ စုစည်းထားရှိမှုနှင့် မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုင်လင်းပီမြို့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် လိုင်လင်းပီမြို့ အားကစားကွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက ပံ့ပိုးကူညီပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ လိုင်လင်းပီမြို့ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖ ဒေါက်တာ ဆာဆာကတင်ပြရာ တာဝန်ရှိသူများက မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊ မင်းတပ်-လိုင်လင်းပီ မြို့နယ်ချင်းဆက် လမ်းဖောက်လုပ်ပေးရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ကျောင်းများနှင့် ဆေးရုံများ အဆင့်တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်းပြောကြားကြသည်။
ထို့နောက် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၅ဝ ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မြို့မိမြို့ဖ ဒေါက်တာဆာဆာထံ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ရေဇွာမြို့(၁၆)ခုတင် ဆံ့ဆေးရုံသို့ရောက်ရှိပြီး လူနာကုသဆောင်များ၊ သားဖွားခန်း၊ ဆေးသိုလှောင် ခန်း၊ ဓာတ်ခွဲခန်းနှင့် တိုးချဲ့ဆောင် တည်ဆောက်မည့်နေရာများကို လှည့်လည် ကြည့်ရှုပြီး ဆေးကုသမှုခံယူနေသည့် လူနာများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ ၌ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ရေဇွာမြို့ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏ လိုလားချက်များကို မြို့မိမြို့ဖ ဦးရော်ဟဲကတင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတအား ရေဇွာမြို့သူမြို့သားများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မတူပီမြို့နယ်(၂၅) ခုတင်ဆံ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်းရှိ လူနာကုသဆောင်များ၊ ခွဲစိတ် ခန်းနှင့် တိုးချဲ့ကုသဆောင်တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကာ ဆေးကုသမှုခံယူနေသည့် လူနာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် မတူပီမြို့ ဘုံတလာခန်းမ၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက ပံ့ပိုးကူညီမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
မတူပီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို မြို့မိမြို့ဖတစ်ဦးက တင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မတူပီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၁ဝဝ ကို ဒုတိယသမ္မတက မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်တစ်ဦးထံ ပေးအပ်သည်။
ဆက်လက်၍ မတူပီမြို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ဆိုလာပြား ၅ဝ ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လည်းကောင်း၊ စောင် ၂၅ဝ ကို ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်က လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ကိုမန်မုန်တိုင်း မိုးရွာသွန်းမှုကြောင့် မတူပီမြို့ နေရာအချို့တွင် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများအနက် ခိုဘွေရပ်ကွက်နှင့် စံဘောင်ရပ်ကွက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လတ်တလောဆောင်ရွက်နေမှုနှင့် ရေရှည်ဆောင်ရွက်ရမည့်အစီအစဉ်များတွင် နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းဆောင် ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိမ်ဗျူးလ်ဂေါက်ကွင်းရှုရပ်မှနေ၍ မတူပီမြို့၏ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု၊ မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှု၊ မြို့ပြဧရိယာ တိုးချဲ့သင့်သည့်နေရာများ၊ မြေပြိုကျမှုဖြစ်စဉ်ဖြစ်ပွားသည့် နေရာများကို ကြည့်ရှုသည်။
ထို့နောက် မတူပီမြို့ မြို့ရှောင်လမ်းဖောက်လုပ်ထားမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ယနေ့သွားရောက်ခဲ့သည့် ဒေသများတွင် ဒုတိယသမ္မတက ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသရှိ ရေ၊ မြေတို့ကို အကျိုးရှိရှိ အသုံးပြုသွားရန်၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းမှ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရေးကိုလည်း လုပ်ဆောင်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လတ်တလော ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်နေသည့်အပြင် နောင်တွင်အလားတူ ဖြစ်စဉ်မျိုးဖြစ်ပွားခြင်းမရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေပြိုမှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိအောင် စီမံဆောင်ရွက်ရာ၌ ဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေဖူလုံစွာရရှိအောင်လည်း တစ်ပါတည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်၍ ဘူမိဗေဒ ဆိုင်ရာ၊ ပထဝီပိုင်းဆိုင်ရာ၊ ဆည်မြောင်းဆိုင်ရာ စသည့် တတ်သိကျွမ်းကျင်သည့် ပညာရှင်များပါဝင်သည့် ကော်မတီတစ်ရပ်ကို ဆောလျင်စွာဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment