Wednesday, March 1, 2017

မစိုးရိမ်ကျောင်းတိုက်မဟာနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တ ပဒုမာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူ



Image may contain: 1 person
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် မစိုးရိမ်ကျောင်းတိုက်မဟာနာယက နိုင်ငံတော်သြဝါဒါစရိယ (အဘိဓဇ မဟာရဋ္ဌဂုရု) သဒ္ဓမ္မနယူပဒေသကျောင်းဆရာတော်ကြီး ဘဒ္ဒန္တပဒုမာဘိဝံသ သည် သက်တော် (၈၂)နှစ် သိက္ခာတော် (၆၂)ဝါအရ ၁၃၇၈ ခုနှစ် တပေါင်း လဆန်း ၂ ရက် (ဖေဖော်ဝါရီ ၂၇ ရက် - တနင်္လာနေ့) ည ၈နာရီ ၁၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
ဘဒ္ဒန္တ ပဒုမာဘိဝံသ၏ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း ဆရာတော် လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာ ခမည်းတော် ဦးလှသွင် - မယ်တော် ဒေါ်သက်မေတို့က ၁၂၉၇ ခုနှစ် နတ်တော်လပြည့်ကျော် ၁ဝ ရက် (ကြာသပတေးနေ့)တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း ဆရာတော်လောင်းလျာသည် ၁၃၁ဝ ခုနှစ်တွင် စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာ ကျောင်းသစ်ကျောင်း ဆရာတော် ဘဒ္ဒန္တသုမနကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၆ ခုနှစ်တွင် စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာ ကျောင်းသစ်ကျောင်း ခဏ္ဍသိမ်၌ ပုဒေါင်းကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိန္ဒကို ဥပဇ္ဈာယ်ပြုလျက် ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း ဆရာတော်လောင်းလျာသည် စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာ ကျောင်းသစ်ကျောင်းဆရာတော် ဘဒ္ဒန္တသုမန၊ စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မနာဒတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသနှင့် စာချဆရာတော်များ၊ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဝိနယနယူပဒေသ ကျောင်းဆရာတော် ဘဒ္ဒန္တပညာသာ မီဘိဝံသနှင့် စာချဆရာတော်များ၊ ပါဠိနယူပဒေသကျောင်း မဟာနာယက ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါဘိဝံသနှင့် စာချဆရာတော်များ၊ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသနှင့် စာချဆရာတော်များ၊ ဒက္ခိဏာရာမဘုရားကြီးတိုက် အမရပူရကျောင်း ဆရာတော် ဘဒ္ဒန္တဥက္ကံသာဘိဝံသနှင့် စာချဆရာတော်များ၊ တောင်သမန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကေသဝါဘိဝံသနှင့် စာချဆရာတော်များ ထံ၌ ပရိယတ္တိစာပေများကိုသင်ယူတော်မူခဲ့ပြီး ပထမကျော်၊ စေတီ သင်္ဂဏ ဓမ္မာစရိယဝဋံသကာ၊ သာသနဓဇဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယဘွဲ့များ အောင်မြင်တော်မူခဲ့သည်။
သာသနာရေးဆောင်ရွက်တော်မူခြင်း ဆရာတော်သည် ဆဋ္ဌသင်္ဂီတိကာရ ဆရာတော်အဖြစ်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ဆရာတော်အဖြစ်လည်းကောင်း၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံ တော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) ဘွဲ့ယူကျမ်းစစ် ဆရာတော်အဖြစ် လည်းကောင်း၊ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်အဖြစ် လည်းကောင်း၊ မဟာသကျသီဟမြတ်စွာ ဘုရား ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း၊ ပရိယတ္တိသာသနဟိတအသင်းကြီးတို့၏ သြဝါဒါစရိယဆရာတော်အဖြစ် လည်းကောင်း၊ တိပိဋကပါဠိ-မြန်မာ အဘိဓာန်ကျမ်းပြုအဖွဲ့ဝင်ဆရာတော် အဖြစ်လည်းကောင်း၊ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယ ဆရာတော် အဖြစ်လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အဖြစ်လည်းကောင်း၊ ယနေ့အချိန်ထိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင် တော်မူခဲ့သည်။
ဘွဲ့တံဆိပ်အလှူခံရရှိတော်မူခြင်း ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော လုံ့လ၊ ဝီရိယတို့ဖြင့် သယ်ပိုးဆောင်ရွက်တော်မူသော သာသန ဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာ နာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာ ကာမဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် ဆရာတော် ဘဒ္ဒန္တ ပဒုမာဘိဝံသသည် ၁၃၇၇ ခုနှစ် (၂ဝ၁၆ခုနှစ်)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်မြတ်ကို အလှူခံရရှိတော်မူခဲ့သည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း ဆရာတော်သည် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၈၂)နှစ်၊ သိက္ခာတော်(၆၂)ဝါ အရ ၁၃၇၈ ခုနှစ် တပေါင်းလဆန်း ၂ ရက်(ဖေဖော်ဝါရီ ၂၇ ရက် - တနင်္လာနေ့) ည၈ နာရီ ၁၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment