Friday, March 31, 2017

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး ဧပြီ ၆-၇ ရက်တွင် ကျင်းပမည်


Image may contain: one or more people and suit
ပေကျင်း မတ် ၃ဝ
တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးရန် လာမည့် ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း တရုတ်အစိုးရအဖွဲ့က ယနေ့ပြောကြား သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဧပြီ ၆၊ ၇ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကန်းက မတ် ၃ဝ ရက် တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိMar-a-Lago အပန်းဖြေစခန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်သည် ဖင်လန်နိုင်ငံသို့ အလည် အပတ်ခရီးသွားရောက်ပြီးနောက် ဧပြီ ၆ ရက်တွင် အမေရိကန်သမ္မတနှင့် တွေ့ဆုံမည်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးတို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံကို မည်သို့ကိုင်တွယ်ထိန်းကျောင်း မလဲဆိုသည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးမည် ဖြစ်ကြောင်း ထင်မြင်ယူဆရသည်။
မြောက်ကိုရီးယားက နျူကလီးယားဒုံးကျည်များကို အဆက်မပြတ် စမ်းသပ်ပစ်လွှတ်ခဲ့သည့်အပြင် နောက်ထပ် စမ်းသပ်ရန်စီစဉ်သည့် အရိပ်လက္ခဏာများကို တွေ့ရှိရ ကြောင်း သိရသည်။
ပြုံယမ်းအား ကိုင်တွယ်ထိန်းချုပ်ရန် သမ္မတထရန့်က သမ္မတရှီအား တိုက်တွန်းထားသည်နှင့် ပတ်သက်ပြီး သမ္မတရှီအနေဖြင့် မည်သို့အဖြေရှာဆွေးနွေးမလဲဆို သည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သမိုင်းကြောင်း အစဉ်အလာအရသာမက စီးပွားရေးကဏ္ဍများတွင်ပါ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိကြသည်။
ထို့ပြင် အဆိုပါထိပ်သီးအစည်းအဝေး၌ ကုန်သွယ်ရေး ကဏ္ဍအပြင် နိုင်ငံခြားငွေကြေးနှုန်းထားများနှင့် ပတ်သက် ပြီး ဆွေးနွေးနိုင်ဖွယ်ရှိသည်။ သမ္မတထရန့်က အမေရိကန် နှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုကဏ္ဍတွင် အလုံးစုံ ညီတူညီမျှရှိစေရန် ညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားထားသည်။
နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ဆောင် ချက်များသည် နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်း စေရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကန်းက ပြောကြားခဲ့သည်။
ပေကျင်းအနေဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ် ရေးဆိုင်ရာ သဘောထားကွဲလွဲချက်များနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအပြန်အလှန်အလေးထားမှုကို ရှေ့တန်းတင်ကာ ဆွေးနွေးမှုများလုပ်ဆောင်ပြီး ညှိနှိုင်းအဖြေရှာရမည် ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ လုကန်းက ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment