Friday, March 31, 2017

အိန္ဒိယ၌ အမြန်ရထားတစ်စင်းလမ်းချော်၊ လူ ၃၆ ဦးထက်မနည်း ဒဏ်ရာရ


No automatic alt text available.
နယူးဒေလီ မတ် ၃ဝ
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် မတ် ၃ဝ ရက် နံနက် အစောပိုင်းက ခရီးသည်တင်အမြန်ရထားတစ်စင်း၏ ရထားတွဲ ရှစ်တွဲ လမ်းချော်မှုဖြစ်ပွားရာ ခရီးသည် ၃၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အထဲမှ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ဥတာပရာဒေ့ရှ်ပြည်နယ် မြို့တော်လတ်(ခ်)နောင်းမှ ကီလိုမီတာ ၂၇ဝ ခန့်အကွာ မိုဟိုဘာခရိုင်အတွင်းရှိ မိုဟိုဘာနှင့် ကူပါဟတ်ရထားဘူတာရုံအကြား ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲခန့်တွင် ဂျာဆယ်ပူနီဇာမူဒန် မဟာကာရှလ် အမြန်ရထားလိုင်းမှ ခရီးသည်တင်ရထား လမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းရထားမတော်တဆဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ဦးအား အနီးရှိအစိုးရနှင့် ပုဂ္ဂလိကပိုင်ဆေးရုံများသို့ တင်ပို့ဆေးကုသပေးနေကြောင်း၊ ဒဏ်ရာရသူ ၁ဝ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်သေဆုံးမှုမရှိကြောင်း အိန္ဒိယရထားဌာန အထက်တန်းတာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာများသို့ ပြောကြားသည်။
ယင်းရထားလမ်းချော်မှု ဖြစ်ပွားခြင်းကြောင့် ဒေသတွင်းရထားများ သွားလာရေးအတွက် အနှောင့်အယှက်ဖြစ်စေခဲ့သော်လည်း ရထားလမ်း ပိတ်ဆို့မှုကို ဖယ်ရှားရန်လုပ်ဆောင်ပေးခဲ့ရာ နံနက်အစောပိုင်းတွင် ရထား သွားလာမှုများ ပြန်လည်လုပ်ဆောင်နိုင်မည်ဟု ရထားပို့ဆောင်ရေးလုပ်ငန်းတာဝန်ရှိသူများက ပြောကြားသည်။ ယင်းမတော်တဆမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဆင်ဟွာ။

No comments:

Post a Comment