Friday, March 31, 2017

ရီးယဲလ်ရဲ့ကြယ်စင်စုအဖွဲ့ဝင်သစ်ဖြစ်လာမလား အေဒင်ဟာဇက်


Image may contain: 2 people, people playing sports and outdoor
မေလဲ့သင်း
ခုတစ်လော အပြောင်းအရွှေ့သတင်းတွေမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ သတင်းတစ်ပုဒ် ကတော့ ရီးယဲလ်မက်ဒရစ်အသင်းက ချယ်လ်ဆီးစတားအေဒင်ဟာဇက်ကို ခေါ်ယူ ချင်တယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အများအားဖြင့် နိုင်ငံတကာပွဲစဉ်တွေ ကစား ချိန်မှာ ကစားသမားအပြောင်းအရွှေ့တွေ ပိုမိုလှုပ်ခတ်တတ်တာ သဘာဝဖြစ်တာ ကြောင့် ဟာဇက်-ရီးယဲလ်-ချယ်လ်ဆီး သုံးပွင့်ဆိုင် အပြောင်းအရွှေ့သတင်းတွေ ခပ်စိပ်စိပ်ထွက်နေတာ ဆန်းတဲ့ကိစ္စရပ် တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဟာဇက်ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်ကတော့ တစ်နေ့ တစ်မျိုး မရိုးရအောင် တွေ့နေရတာကြောင့် ဟာဇက် ရီးယဲလ်ကို ရောက်ရှိမလားဆိုတာ ကို အဖြေထုတ်ကြည့်မိပါတယ်။
ရီးယဲလ်နည်းပြ ဇီဒန်းရဲ့ နွေဈေးကွက် အလိုအရှိဆုံးစာရင်းမှာ ဟာဇက်ရဲ့ အမည် က ထိပ်ဆုံးမှာရှိနေပြီး ဇီဒန်းက ဟာဇက်ကို ရဖို့ လိုအပ်ရင် ချယ်လ်ဆီးက ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက အသည်းအသန်အလိုရှိခဲ့ ဖူးတဲ့ မိုရာတာကို အလိုက်ပေး အလဲအထပ် ပုံစံနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ရီးယဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်ကတော့ ရီးယဲလ်ဟာ ငွေကြေးအင်အားတောင့်တင်း နေတာကြောင့် ဟာဇက်လို ကစားသမား အတွက် ပေါင်သန်း ၁ဝဝလောက် သုံးစွဲဖို့ ဝန်လေးမှာမဟုတ်ဘဲ ဟာဇက်လည်း ရီးယဲလ်ကို လာရောက်ပူးပေါင်းမယ်လို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
ဇီဒန်းက ဟာဇက်လာရင် အသုံးပြုမယ့် နည်းဗျူဟာကိုတောင် ကြိုတင်အကွက်ချ ထားပြီး ကွင်းလယ်စိန်ပွင့်ပုံကစားကွက်မှာ ဟာဇက်-မိုဒရစ်-တိုနီခရူးတို့ ရှေ့မှာ ဂါရတ် ဘေးလ်၊ နောက်မှာ ကက်စီမီရိုတို့ကို ခင်းကျင်းသွားမယ်လို့ စီစဉ်ထားတာပါ။ ဒါ့အပြင် ဇီဒန်းက ဟာဇက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ခြေစွမ်းလုံးဝပျောက်နေတဲ့ အချိန်မှာတောင် ဟာဇက်ဟာ မက်ဆီ၊ စီရိုနယ်လ်ဒိုတို့ပြီးရင် ကမ္ဘာ့တတိယ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ တံဆိပ်ကပ်ဖူးတော့ ဟာဇက်ကို သူ ဘယ်လောက်အထိ နှစ်သက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။
ဒါပေမယ့် ဟာဇက်ဟာ ချယ်လ်ဆီး အသင်းရဲ့ လက်ရှိအကောင်းဆုံးကစား သမားဖြစ်တာကြောင့် တကယ်လို့ ချယ်လ်ဆီး ကသာ ဟာဇက်ကို ထုတ်ရောင်းချလိုက်ရင် မလိုလားအပ်တဲ့ ဖိအားတွေ ခံလာရနိုင်ပါ တယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ဟာဇက်ဟာ ရီးယဲလ်ကို ပြောင်းရွှေ့လိုခဲ့ ပေမယ့် နည်းပြ မော်ရင်ဟို ထွက်ခွာသွားမှုနဲ့ အတူ ချယ်လ်ဆီးမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့ တာ ဖြစ်ပါတယ်။ နည်းပြ ကွန်တီရောက်ရှိ လာချိန်မှာတော့ ဟာဇက်ဟာ နည်းပြ ကွန်တီရဲ့ ၃-၄-၃ ကစားကွက်မှာ အံဝင် အောင် ကစားနိုင်ခဲ့ပြီး လတ်တလောအနေ အထားကို ကျေနပ်နေတာကြောင့် ဟာဇက် ရဲ့ အသင်းပြောင်းရွှေ့ရေးဟာ အင်မတန် ခက်ခဲနိုင်မယ်လို့ ယူဆစရာပါ။
ပြီးတော့လည်း အခုမှ အသက်(၂၆)နှစ်သာ ရှိသေးတာကြောင့် အခုထိ ခြေစွမ်း ပိုင်းတက်လာနိုင်ခြေရှိတဲ့ ကစားသမားလည်း ဖြစ်နေတဲ့အတွက် ဟာဇက်ကိုသာ ထုတ်ရောင်းလိုက်ရင် ဒါဟာ အင်မတန် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်လာဖို့များနေ ပါတယ်။ တစ်ဖက်မှာလည်း ဟာဇက်ဟာ ၂ဝ၁၅ ဖေဖော်ဝါရီလကမှ ချယ်လ်ဆီး အသင်းနဲ့ ငါးနှစ်ခွဲစာချုပ် လက်မှတ်ရေးထိုး ခဲ့တာကြောင့် တိတိကျကျပြောရရင် စာချုပ်သက်တမ်းသုံးနှစ် ကျန်နေသေးတဲ့ ကစားသမားလည်း ဖြစ်နေပါတယ်။ ခုလည်း ရီးယဲလ်မက်ဒရစ်ရဲ့ ခပ်ကျဲကျဲ လှမ်းလာတဲ့ ခြေလှမ်းတွေကို တားဆီးဖို့ ချယ်လ်ဆီးက ဟာဇက်ကို နောက်ထပ် နှစ်နှစ်သက်တမ်းတိုး စာချုပ် ကမ်းလှမ်းထားတာဟာ ပြီးမြောက် လုနီးပါး အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးက ဟာဇက် လက်ရှိ ရရှိနေတဲ့ တစ်ပတ်လုပ်ခပေါင် ၂ဝဝဝဝဝဝ နေရာမှာ တစ်ပတ်လုပ်ခပေါင် ၃ဝဝဝဝဝ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်တာပါ။ ဒါကြောင့် တကယ်လို့ ဒီစာချုပ်ကိုသာ ဟာဇက်လက်မှတ်ရေးထိုးရင် သူဟာ ပေါ့ဘာလို ပရီမီယာလိဂ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမားဖြစ်ခွင့်ရလာမှာ ဖြစ်ပါ တယ်။
ဒီကြားထဲ ဟာဇက်က အေးဂျင့်သစ် နဲ့ လက်တွဲအလုပ်လုပ်လာတာကြောင့်လည်း ဖြစ်စဉ်တွေအကုန်လုံးမှန်းဆရခက်ခဲကာ ပိုမို ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားစေခဲ့တာပါ။ ဒါ့ အပြင် ချယ်လ်ဆီးအသင်းက ဒီအပြောင်း အရွှေ့ကိစ္စရပ်အပေါ် နှုတ်ဆိတ်နေတာဟာ လည်း အနည်းငယ်ထူးခြားတယ်လို့ မီဒီယာ တွေက သုံးသပ်ဖော်ပြကြပါတယ်။ မီဒီယာ အချို့ကတော့ ဟာဇက်နဲ့ ချယ်လ်ဆီးကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ ရီးယဲလ်မက်ဒရစ်က သာ ကမ်းလှမ်းလာခဲ့ရင် လက်ခံဆွေးနွေးရမယ် ဆိုတဲ့ အချက်ကို လျှို့ဝှက်ချက်တစ်ရပ်အဖြစ် ထည်သွင်းထားတာကြောင့် ချယ်လ်ဆီး တုံ့ပြန် ချက်ပေးဖို့ရာ လက်တွန့်နေခဲ့တာလို့ ဖော်ပြကြ ပါတယ်။
ဟာဇက်ကလည်း နည်းပြ ကွန်တီနဲ့ လက်တွဲ အလုပ်လုပ်ရတာ ပျော်ရွှင်နေပေမယ့် ပရီမီယာလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား ရယူပြီးတဲ့ ကစားသမားတစ်ဦးအနေနဲ့ နောက်ထပ်လိုအပ်နေတာက ချန်ပီယံလိဂ် ဖလားဆိုတော့ ချယ်လ်ဆီးကနေ ဟာဇက် ထွက်မယ်ဆိုရင် ရီးယဲလ်ကသာ ရေကန်အသင့်၊ ကြာအသင့်ဆိုသလို အသင့်လျော်ဆုံး ဖြစ်တယ်ဆိုတဲ့ ရေးသားမှုတွေကိုလည်း မြင်တွေ့နေရပါတယ်။ ချယ်လ်ဆီးအသင်း ပိုင်ရှင် အေဗရာမိုဗစ်ခ်ျကလည်း လူကာကူလို ကစားသမားအတွက် ပေါင်သန်း ၆ဝ နဲ့ ကမ်းလှမ်းဖို့ ခွင့်ပြုထားသူဆိုတော့ ဟာဇက်ကို ရသလောက်နည်းနဲ့ ဆက်ထိန်းဖို့ ကြိုးပမ်းပါ လိမ့်မယ်။ ချယ်လ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီ ပရီမီယာလိဂ် ချန်ပီယံဖြစ်ဖို့ အလားအလာ ကောင်းနေပြီဆိုတော့ လာမယ့်ရာသီ ချန်ပီယံ လိဂ်ဝင်ခွင့် လွဲချော်စရာလည်း အကြောင်းမရှိ တာကြောင့် ဘာဥရောပဝင်ခွင့်မှမရရှိတဲ့ အချိန်မှာတောင် ချယ်လ်ဆီးမှာ သစ္စာစောင့် သိပြီး ဆက်ရှိနေပေးတဲ့ ဟာဇက် ရီးယဲလ်ကို သွားပါ့မလားဆိုတာ စဉ်းစားစရာပါ။
ဒါ့အပြင် ဟာဇက်က ချယ်လ်ဆီးအသင်း ဝက်ဘ်ဆိုက် အမေးအဖြေကဏ္ဍမှာ ''ကျွန်တော်ဟာ မိသားစုနဲ့ နီးနီးကပ်ကပ်နေရ အောင် တစ်ချိန်ချိန်မှာ ဘယ်လ်ဂျီယံကို ပြောင်းရွှေ့ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ရာသီဥတုကောင်းတဲ့ နေရာတစ်ခုခုပေါ့။ ဒါပေမယ့် ကျွန်တော့်ကလေးတွေဟာ လန်ဒန် မှာ အခြေကျနေတာကြောင့် ဒီမှာပဲ ဆက်နေဖြစ် နိုင်ပါတယ်။ ကာလရှည်အများကြီး ကျန်ရှိ နေသေးတဲ့အတွက် အရာအားလုံးကို ဘာမှ ကြိုပြီးမပြောနိုင်ပါဘူး'' လို့ ဖြေကြားခဲ့တာပါ။ ဟာဇက်ရဲ့ ဒီစကားရပ်က ချယ်လ်ဆီးအသင်း မှာပဲ ဆက်နေမယ်ဆိုတာကို အရိပ်အမြွက် ပြောကြားခဲ့တာလို့ အင်္ဂလန်မီဒီယာတွေက ရေးသားဖော်ပြနေပေမယ့် ဟာဇက်ကို အလို ရှိနေတဲ့ အသင်းဟာ ရီးယဲလ်မက်ဒရစ် ဆိုတာ ကိုတော့ သတိရဖို့လိုပါတယ်။
ဟာဇက်မပြောနဲ့ ဟာဇက်ထက် ကျော်ကြားပြီး ဘလွန်းဒီအောဆု ပူပူနွေးနွေး ရယူနိုင်ခဲ့တဲ့ စီရိုနယ်လ်ဒို၊ ကာကာတို့ကို မန်ယူ၊ အေစီမီလန်တို့က ခေါ်ယူပြခဲ့တဲ့ ဖြစ်ရပ်ကိုကြည့်ရင် သူတို့လိုချင်တဲ့ ဘယ် ကစားသမားကိုမဆို ရအောင်ခေါ်နိုင်ခဲ့တယ် ဆိုတာ အင်မတန်ထင်ရှားတဲ့ အချက်ဖြစ်နေပါ တယ်။ ကစားသမားအများစုရဲ့ အမြင့်မားဆုံး မျှော်မှန်းချက်က ရီးယဲလ်မက်ဒရစ်၊ ဘာစီ လိုနာတို့မှာ ကစားခွင့်ရရေး ဖြစ်နေတာကြောင့် လည်း လစာနှုန်းထားခြင်းတူရင်တောင် ဒီအသင်းတွေက အလိုရှိတယ်ဆိုတာနဲ့ တောင့်မခံနိုင်တာကလည်း ဥရောပကလပ် အသင်းတွေအနေနဲ့ ရီးယဲလ်-ဘာကာ ကျိန်စာ မိနေသလားလို့တောင် ထင်ချင်စရာပါပဲ။
ရီးယဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်က ကစားသမားတစ်ဦး ရီးယဲလ်ကို ရောက်ရှိလာဖို့ ဆိုတာက သူကိုယ်တိုင်က လက်ရှိကစားနေတဲ့ အသင်းက ထွက်ခွာချင်စိတ်ရှိရမယ့်အပြင် ရီးယဲလ်ကိုသာ လာမယ်ဆိုတဲ့ စိတ်လည်း ရှိနေရမှာ ဖြစ်တယ်လို့ သူ့ရဲ့ အယူဝါဒကို ပြောပါတယ်။ ကယ်လ်ဒါရွန် ''ဥပမာ စီရိုနယ်လ်ဒိုရဲ့အဖြစ်ကိုပဲ ကြည့်လေ၊ ဖာဂူဆန် က စီရိုနယ်လ်ဒိုကို ရီးယဲလ်မရောက်စေချင် တာကြောင့် ဘာစီလိုနာကို သွားရောက် ချိတ်ဆက်မှုပြုခဲ့ပေမယ့် သူကတော့ သူ သွားချင်တာ ဘာကာမဟုတ်ဘူး၊ ရီးယဲလ်လို့ ဆိုခဲ့တာကြောင့် ဖာဂူဆန်လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် အဓိကကတော့ ကစားသမားရဲ့ ဆန္ဒပဲဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ မှန်ပါတယ်။ ဒါကြောင့် ဟာဇက် ရီးယဲလ်ရဲ့ ကြယ်စင်စုအဖွဲ့ဝင် တစ်ဦးဖြစ်ဖို့ဆိုတာဟာ သူ့ရဲ့ ဆန္ဒပေါ်သာ အလုံးစုံ မှီတည်နေပြီး ဟာဇက် ဘယ်လို ဆုံးဖြတ်မလဲဆိုတာ လာမယ့်နွေမှာ စောင့် ကြည့်ရဖို့ ရှိနေပါတယ်။
ရီးယဲလ်ဟာ ဟာဇက်အပြင် ဂိုးသမား ကော်တွိုက်စ်ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက် နေပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ မိုရာတာတို့နဲ့ အလဲအထပ်ပြုမယ့်သဘောရှိနေပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီက မိုရာတာရဲ့ ကစားဟန်ကိုနှစ်သက်သူဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ကလည်း ဖြစ်မြောက်နိုင် ခြေရှိတဲ့ကိစ္စရပ်ပါ။ ကော်တွိုက်စ်နဲ့ ဟာဇက် တို့ဟာ ကလပ်အသင်းမှာသာမက နိုင်ငံ လက်ရွေးစင်အသင်းမှာပါ ကစားဖော်တွေ ဖြစ်နေတာကြောင့် သူတို့နှစ်ဦး ချယ်လ်ဆီးက နေ တစ်ပြိုင်နက်တည်း ခွာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ သူတို့နှစ်ဦီးစလုံးက ချယ်လ်ဆီးရဲ့ လက်ရှိအနေအထားကို ကျေနပ်ပေမယ့် ရီးယဲလ်လို အသင်းကြီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်လိုခြင်းမရှိကြတာ ဖြစ်ပါတယ်။
ရီးယဲလ်ကလည်း ကစားသမားတစ်ဦး ရဲ့ ပုံရိပ်ကို အင်မတန်ကြည့်တဲ့ ကလပ် အသင်းဖြစ်တာကြောင့် အသင်းရဲ့ ပုံရိပ်ကို မြှင့်သထက်မြှင့်နိုင်ဖို့ ဟာဇက်ကို သေချာ ပေါက် ဝယ်ယူဦးမယ်လို့ ယေဘုယျ ခန့်မှန်း နိုင်ပါတယ်။ ဟာဇက်ကလည်း သူ့ရဲ့ စံပြုထားတဲ့ ကစားသမားဟာ ရီးယဲလ်နည်းပြ ဇီဒန်း ဖြစ်တယ်၊ ဇီဒန်းကလည်း ဟာဇက်ဟာ ကမ္ဘာ့တတိယအကောင်းဆုံး ကစားသမား ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တာတွေကို ကြည့်ရင် ဟာဇက်နဲ့ ဇီဒန်းကြား အပြန် အလှန်လေးစားမှုတွေကြောင့် တစ်နေ့တော့ ရီးယဲလ်ကို ဟာဇက်ရောက်ရှိလာဦးမှာပါ။ လာမယ့်နွေမှာ ရောက်လာမလား၊ ဒါမှ မဟုတ်၊ ဒီထက်အနည်းငယ် နောက်ကျမလား ဆိုတာ အချိန်သာကွာခြားပြီး တစ်နေ့နေ့ တော့ ဟာဇက်လည်း ရီးယဲလ် ကြယ်စင်စု အဖွဲ့ဝင်တစ်ဦး ဖြစ်လာမယ်ဆိုတာ သေချာ နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

No comments:

Post a Comment