မြန်မာ့အလင်းအယ်ဒီတာအာဘော်
နိုင်ငံတော်သမ္မတဦးထင်ကျော်က ''အက်စ်အမ်အီး (အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ) လုပ်ငန်းများသည် အလွန်များပြားလှပြီး ကျယ်ပြန့်ခြင်းကြောင့် စနစ်တကျအာရုံ စိုက်၍ ဘက်ပေါင်းစုံ ပံ့ပိုးဆောင်ရွက်သင့်သည်'' ဟု ပြောကြား ခဲ့ခြင်းသည် နိုင်ငံတော်၏ လိုအပ်ချက်ကို အလေးအနက်ထား မီးမောင်းထိုးပြသခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''ဈေးကွက်စီးပွားရေးစနစ်အတွင်းမှာ ကျွန်မတို့ အက်စ်အမ်အီးလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရက ဘယ်လိုပံ့ပိုးမလဲဆိုတာကို ဗဟိုကော်မတီအနေနဲ့ ဦးဆောင်ပြီး လုပ်ရမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့ခြင်းသည် လုပ်ငန်းလမ်းညွှန် ကို ချပြခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''ရေရှည်အက်စ်အမ်အီးတွေ အောင်မြင်ဖို့ဆိုရင် ကမ္ဘာ့ရေစီးကြောင်း ကို ကြည့်ရုံတင်မကပါဘူး၊ ကမ္ဘာ့ရေစီးကြောင်းအပေါ် ကျွန်မတို့ သြဇာလွှမ်းမိုးဖို့လိုပါလိမ့်မယ်။ ကျွန်မတို့မှာ တီထွင်ဉာဏ်ရှိရပါမယ်။ တီထွင်ဉာဏ်ကို အကောင်အထည်ဖော်နိုင်ရမယ်'' ဟု ပြောကြား ခဲ့ခြင်းအပေါ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအနေဖြင့် အလေးအနက်ထား သုံးသပ်သင့်သည်ဟု ယူဆပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ တိုင်းပြည်၏ ပကတိအခြေအနေအပေါ်မူတည်၍ ဦးစားပေးအကောင် အထည်ဖော်ရမည့် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ရမည်ဖြစ်သကဲ့သို့ ထိုကဲ့သို့ ရွေးချယ်ရာ၌ ခေတ်သစ်ပိုးလမ်းမစီမံကိန်းနှင့် အာဆီယံ စီးပွားရေးရိပ်မြုံ (AEC)တို့ကဲ့သို့သော ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းတို့၏ အနေအထားနှင့် အလားအလာတို့ကိုပါ ထည့်သွင်းတွက်ချက် စဉ်းစားရမည်ဖြစ်ပါသည်။ အဆိုပါ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတို့၏ အနေအထားနှင့် အလားအလာတို့အပေါ် မူတည်၍ မြန်မာနိုင်ငံ၏ အားသာချက်များကို အသုံးချနိုင်စွမ်းရှိသော တီထွင်ဉာဏ်တို့ကို မဖြစ်မနေ ဖော်ထုတ် အသုံးချရမည်ဖြစ်ပါသည်။ သို့မှသာ မြန်မာ့စီးပွားရေးလုပ်ငန်းများ သည် ကမ္ဘာ့စီးပွားရေးလမ်းကြောင်းများက ဖန်တီးပေးအပ်လာသော အခွင့်အလမ်းတို့ကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်ပါသည်။ ချုပ်၍တင်ပြရပါက နိုင်ငံတော်စီးပွားရေး၏ ကျောရိုးဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လမ်းòန်သကဲ့သို့ အားကြိုးမာန်တက် ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
No comments:
Post a Comment