
ရန်ကုန် မတ် ၂
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဘုရင့်နောင် လမ်းမပေါ်ရှိ မူလရုပ်ရှင်ရုံအဟောင်းအား အဆင့်မြှင့်ပြောင်းလဲပြုပြင်မွမ်းမံ ကာ ရွှေပြည်သာအဆင့်မြင့်ရုပ်ရှင်ရုံ သစ်တွင် ခေတ်မီ 3D ရုပ်သံစနစ်ဖြင့် မတ် ၂ ရက်က စတင်ကာဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးပြီး ရုပ်ရှင် သရုပ်ဆောင်မြင့်မြတ်၊ ဟိန်းဝေယံ၊ အိချောပို၊ ရွှေမှုံရတီနှင့် ဟာသလူရွှင်တော်များပါဝင်သော ''ကြီးကြီး ကျယ်ကျယ်'' မြန်မာ့ရုပ်ရှင်ဟာသ ဇာတ်ကားသစ်ကြီးကို ရုံတင်ပြသ နေပြီဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို ရုံမတင်မီ မတ် ၁ ရက် နံနက်က ရွှေပြည်သာအဆင့်မြင့်ရုပ်ရှင်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနှင့်အဖွဲ့ဝင်များ၊ ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကာ အစီအစဉ် အရပ်ရပ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ကြသည်။
ရွှေပြည်သာ အဆင့်မြင့်ရုပ်ရှင်ရုံ သစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူများကို အကယ်ဒမီပြေတီဦးနှင့် ထိုင်းရုပ်ရှင်သရုပ်ဆောင်များ တွဲဖက်ရိုက်ကူးထားသော ''တီတီနှင့် ဒိုးနက်'' ရုပ်ရှင်ဇာတ်ကား သစ်ကို မွန်းလွဲ ၂ နာရီနှင့် ညနေ ၅ နာရီတို့တွင် အခမဲ့ပြသပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာအဆင့်မြင့်ရုပ်ရှင်ရုံသည် လွန်ခဲ့သော ၂ဝဝ၂ ခုနှစ်က ဖွင့်လှစ်ပြသခဲ့သော ရုပ်ရှင်ရုံတစ်ရုံဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကာ ယခုအခါ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင်ကို ကြိုက်နှစ်သက်သူ မိဘ ပြည်သူများ ခေတ်နှင့်လျော်ညီစွာ 3D စနစ်ဖြင့် ရုပ်သံပိုင်းဆိုင်ရာကြည့်ရှု ခံစားနိုင်ရေး၊ သက်သောင့်သက်သာ ထိုင်ခုံများနှင့် လေအေးပေးစက်များ ရုံအတွင်းတပ်ဆင်ထားကာ စိတ်ချမ်းသာစွာ အပန်းဖြေအနာယူနိုင်ရန်ကိုပါ ပြင်ဆင်ဆောင်ရွက်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အသစ်ပြန်လည်ဖွင့်လှစ်ပြီး ရုံတင် ပြသလျက်ရှိသော ရွှေပြည်သာ အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပွဲချိန်များမှာ နံနက် ၁၁ နာရီ၊ မွန်းလွဲ ၂ နာရီ၊ ညနေ ၅ နာရီ၊ ည ၈ နာရီဟူ၍ ပွဲချိန် လေးချိန်ပြသမည်ဖြစ်ပြီး ရုံဝင်ခ လက်မှတ်များမှာ ကျပ် ၁ဝဝဝ၊ ၁၃ဝဝ၊ ၁၅ဝဝ၊ ၂ဝဝဝ နှင့် နှစ်တွဲထိုင်ခုံ တစ်စောင် ကျပ် ၅ဝဝဝ သတ်မှတ်ထားကြောင်းနှင့် တစ်ပတ်လျှင် ရုပ်ရှင်တစ်ကားနှုန်းဖြင့် ရုပ်ရှင် ဇာတ်ကားကောင်းများကို တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သန်းကြည်(ရွှေပြည်သာ)
No comments:
Post a Comment