ရန်ကုန် မတ် ၂
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဝန်ကြီးများရုံးတွင် လုပ်ကြံခံခဲ့ရသော ဒီးဒုတ်ဦးဘချိုအပါအဝင် ထင်ရှားသောခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် အနုပညာရှင်များစွာ မွေးထုတ်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်းပေါ်ရှိ အထက(၆) ဗိုလ်တထောင် (ယခင်စိန်ပေါလ် အထက်တန်းကျောင်း)၌ ယနေ့နံနက် ၈ နာရီခွဲတွင် အပြာရောင် ကမ္ပည်းပြားတပ်ဆင်ကြောင်း သိရသည်။
''ရန်ကုန်မြို့မှာ စာသင်ကြားမှုဆိုင်ရာ ဂုဏ်ယူဖွယ်သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ မြန်မာမှာရော ကမ္ဘာမှာပါ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ ပညာတော်သင်တွေကို ရန်ကုန်မြို့က မွေးထုတ်ပေးနိုင်ခဲ့တယ်။ လူအများစုက ရန်ကုန်မြို့လယ်မှာရှိတဲ့ အဆောက်အအုံတွေကို ကိုလိုနီအဆောက်အအုံတွေလို့ တွေးမှတ်ကြတယ်။ တကယ်တော့ ဒီအဆောက်အအုံတွေက ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးအတွေးအခေါ် လုပ်ဆောင်ချက်တွေ မွေးဖွားရာမျိုးဆက်သစ်တွေအတွက် ကမ္ဘာအနှံ့က အဖြစ်အပျက်တွေနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ချိတ်ဆက်ပေးတဲ့ နေရာတွေဖြစ်ပါတယ်။ အခုကျွန်တော်က စိန်ပေါလ်ကျောင်းကို ကိုလိုနီအဆောက်အအုံဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်တာမဟုတ်ဘဲ ခေတ်မီမြန်မာနိုင်ငံကို မွေးဖွားပေးခဲ့တဲ့ အချက်အချာနေရာတွေထဲက တစ်ခုဖြစ်တာကြောင့် အမွေအနှစ်အဖြစ် သတ်မှတ်တာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ယနေ့ အထက(၆) ဗိုလ်တထောင်ကျောင်းတွင် တပ်ဆင်သည့် အပြာရောင်ကမ္ပည်းပြားတွင် ဘုန်းတော်ကြီး ပေါလ်ဘီဂန်ဒတ်တည်ထောင်ခဲ့ပြီး မူလကစိန်ပေါလ်အထက်တန်းကျောင်းအဖြစ် လူသိများခဲ့သည်။ ခေတ်သစ် မြန်မာ့သမိုင်းတွင် ထင်ရှားအရေးပါသော ပုဂ္ဂိုလ်များစွာကို ဤကျောင်းက မွေးထုတ်ပေးခဲ့သည်ဟု ရေးသားထားသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ စိန်ပေါလ်ကျောင်းသားဟောင်းများ တက်ရောက်ကြသည်။
''ရန်ကုန်မြို့ပြထိန်းသိမ်းရေးအဖွဲ့က ဒီကျောင်းကြီးကို ဆက်ထိန်းသွားမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာတယ်။ ဒီလောက်ကြီးတဲ့ကျောင်းကြီး ရန်ကုန်မှာ ဒီတစ်ခုပဲရှိတယ်။ ကျောင်းကြီးက မြေကိုလည်းကြည့်ဦး ဧက ပေါင်းမြောက်မြားစွာ။ တည်နေရာကလည်းကြည့်ဦး ရန်ကုန်ရဲ့ အချက်အချာဆိုတော့ ဆောက်လုပ်ရေးသမားတွေက အလွန်ကိုလိုချင်တာ။ အိမ်ရာဆောက်ဖို့ ပဲဖြစ်စေ၊ ဈေးတွေဆောက်ဖို့ပဲဖြစ်စေ အစိုးရအဆက်ဆက်ကို သူတို့တင်ခဲ့တာ။ အစိုးရအဆက်ဆက်ကလည်း ဒီကျောင်းကြီးကိုကြည့်ပြီး ဖြိုပစ်ရမှာ နှမြောလို့ တွန့်ဆုတ်ခဲ့တာ။ အလွန်ကံကောင်းပါတယ်''ဟု စိန်ပေါလ်ကျောင်းသားဟောင်းများဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)ကပြောသည်။
သမိုင်းမှတ်တမ်းများအရ ၁၈၆ဝ ခုနှစ် သြဂုတ်လတွင် St.Paul's High School ကျောင်းကို ယောကျာ်းလေးကျောင်းအဖြစ် Bishop Paul Bigandet ကတည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၅ ခုနှစ် ဧပြီလတွင် အစိုးရမှ ပြည်သူပိုင်သိမ်းကာ အခြေခံပညာအထက်တန်း အမှတ် (၆)ဗိုလ်တထောင်ဟု အမည်ပြောင်းကြောင်း၊ အဆိုပါကျောင်းအဆောက်အအုံကို ၁၈၈၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၆ ခုနှစ် မေလ ၁ ရက်တွင် စတင်အသုံးပြုခဲ့ရာ သက်တမ်းအားဖြင့် ၁၃၂ နှစ် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ပည်းပြားတပ်ဆင်ခြင်းမှာ ရန်ကုန်မြို့၏ သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများလေ့လာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အပြာရောင်ကမ္ပည်းပြားဆိုသည်မှာ လူအများနှင့်သက်ဆိုင်သော နေရာများတွင် အဆိုပါနေရာနှင့်ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ်များနှင့် သမိုင်းအဖြစ်အပျက်များအကြောင်းကိုဖော်ပြပြီး မြို့၏ အမှတ်အသားတစ်ခုအဖြစ် တပ်ဆင်ထားရှိမည့် အထိမ်းအမှတ် ကမ္ပည်းပြားဖြစ်သည်။ ယင်းကမ္ပည်း ပြားတပ်ဆင်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် Royal Philips Corporation တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
(ဇာနည်မောင်)

No comments:
Post a Comment