Friday, March 3, 2017

မင်းစုံတောင်ဘေးမဲ့တောအတွင်းသို့ ကြယ်လိပ်အကောင် ၃ဝဝ ဘေးမဲ့လွှတ်



Image may contain: plant, outdoor and nature
နွားထိုးကြီး မတ် ၂
မင်းစုံတောင် ဘေးမဲ့တောအတွင်း ကြယ်လိပ်ကောင်ရေ ပြန်လည်တိုးပွား လာစေရေးအတွက် ဖေဖော်ဝါရီ တတိယပတ်က မင်းစုံတောင်ဘေးမဲ့တော ကြယ်လိပ်မွေးခြံအတွင်းမှ ပေါက်ပွားလာသော သုံးနှစ်သားမှ ငါးနှစ်သားများဖြစ်သည့် မြန်မာ့ကြယ်လိပ်အကောင် ၃ဝဝကို မင်းစုံတောင် ဘေးမဲ့သဘာဝတောအတွင်းသို့ တတိယအကြိမ်မြောက် စေလွှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းစုံတောင် ဘေးမဲ့တောရုံ အတွင်း၌ မွေးမြူထားသော သုံးနှစ်သားမှ ငါးနှစ်သားအရွယ်ရှိ ကြယ် လိပ်(အထီး ၁၅ဝ၊ အမ ၁၅ဝ) စုစုပေါင်းကြယ်လိပ်အကောင် ၃ဝဝ တို့ကို ခြံလှောင်မွေးထားသော မွေးမြူရေးခြံကြီးအတွင်းမှ သဘာဝ ဘေးမဲ့တောအတွင်းရှိ စမ်းသပ်လွှတ် ခြံကြီးသုံးခြံအတွင်းသို့ ရွှေ့ပြောင်း စေလွှတ်ခဲ့ပြီး ၎င်းခြံကြီးသုံးခြံတွင် ကြယ်လိပ်များကို တစ်နှစ်ကြာအထိ ထိန်းသိမ်းလေ့ကျင့်ထားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ကြယ်လိပ်များကို တစ်နှစ်ခန့် ခြံတွင်းထည့်ထားခြင်းဖြင့် ၎င်းတို့ နေထိုင်သောနေရာ ဒေသနှင့် ယဉ်ပါး စေရန်ဖြစ်ပြီး ခြံမှစေလွှတ်ပြီးသော အခါတွင်လည်း ဘေးမဲ့တော၏ နယ်နိမိတ်အပြင်ဘက်သို့ သွားရောက်မှု လျော့နည်းစေရန်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဘေးမဲ့တောအတွင်း ကျက်စားရှင်သန်ခြင်းကြောင့် ၎င်းတို့အတွက် ဘေးရန်ကင်းစွာ ဆက်လက်ရှင်သန် နေထိုင်နိုင်မည်လည်းဖြစ်သည်။ အဆိုပါကြယ်လိပ် များသည် ဘေးမဲ့တောအနီးဝန်းကျင်ရှိ ယာမြေများသို့ ရောက်ရှိသွားလျှင် လိပ်ဖမ်းဆီးရောင်းဝယ်သူများနှင့် ဒေသခံခွေးများ၏ ဘေးအန္တရာယ်ကြောင့် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရနိုင် ကြောင်းလည်း သိရသည်။
မင်းစုံတောင်ဘေးမဲ့တောအတွင်းရှိ တောင်ပေါ်စေတီကြီးဘုရား၏ ဆုတောင်းပြည့် ရင်ပြင်ပေါ်တွင် တတိယအကြိမ်မြောက်အဖြစ် ကြယ်လိပ်လွှတ်ပွဲအခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနနှင့် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA)တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။
တတိယအကြိမ်မြောက် ကြယ်လိပ်လွှတ်ပွဲအခမ်းအနားအစီအစဉ်အရ မင်းစုံတောင်ရှိ လိပ်မွေးခြံတွင်းမှ တောတွင်း စမ်းသပ်လွှတ်ခြံသို့ စေလွှတ်မည့် ကြယ်လိပ်အကောင် ၃ဝဝကို တောတွင်းရှိ ၂ ဒသမ ၅ ဧက (၁ ဟက်တာ)စီ ကျယ်ဝန်းသော လိပ်ခြံသုံးခြံအတွင်းသို့ တစ်ခြံလျှင် ကြယ်လိပ်အကောင် ၁ဝဝ စီ ထည့် သွင်းစေလွှတ်ခြင်းဖြစ်သည်။ စေလွှတ် ခဲ့သည့် ကြယ်လိပ်များမှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတွင် အမှတ်အသား စနစ်သုံးမျိုးဖြစ်သော (၁)မိုက်ကရိုချစ် ထည့်သွင်းခြင်း၊ (၂)အနားများအား တံစဉ်းတိုက်ခြင်း၊ (၃) စ ဓ ဗ ဝ အက္ခရာထိုးခြင်းနှင့် ID နံပါတ်များ ကျောခွံတွင် Tattoo ရေးထိုးခြင်း စသည်ဖြင့် မှတ်သားထားပြီး သန်ချဆေးထိုး၍ သန်ချထားပြီး ကျန်းမာသော အကောင်များဖြစ်ပါသည်။
မလွှတ်မီ ၎င်းကြယ်လိပ်များ၏ ကိုယ်အလေးချိန်နှင့် အတိုင်းအထွာများလည်း မှတ်တမ်းရရှိပြီးဖြစ်ကြောင်းနှင့် လွှတ်ပြီးအတန်ကြာ တောတွင်း ခြံတွင်လည်း သဘာဝအစာများ ရှာဖွေမစားတတ်သေးသောအကောင်များအတွက်လည်း မိုးဦးကျသဘာဝ အစာများပေါများသည့်အချိန်အထိ ဖြည့်စွက်စာကျွေးရန် စီစဉ်ထားကြောင်းသိရသည်။
(သက်ဆွေအေး)

No comments:

Post a Comment