
ရန်ကုန် မတ် ၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်း သို့ရောက်ရှိရာ ၂ဝ၁၇ ခုနှစ် မလေးရှား နိုင်ငံ၌ကျင်းပမည့် (၂၉)ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့သေနတ်ပစ်အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှု အားပေးခဲ့ပြီး အားကစားသမားများ၏စံချိန်နှင့် တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ကိုရီးယားသေနတ်ပစ် နည်းပြကိုမေးမြန်းရာ နည်းပြက စံချိန်နှင့် တိုးတက်မှုအခြေအနေများကို အားရကျေနပ်မှုရှိ၍ ရွှေတံဆိပ်ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံသေနတ် ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော် မိုးဝင်းက ပြိုင်ပွဲဝင်ပစ်ခတ်သည့် လေပစ္စတိုနှင့် လေရိုင်ဖယ်သေနတ် များ၊ ရိုင်ဖယ်ပစ်အင်္ကျီ၊ ကျည်ဆန်၊ ဖိနပ်၊ လက်အိတ်နှင့် မျက်မှန်များကို ရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် B.Sc Sports သင်တန်းသား သင်တန်းသူများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားကာ သင်တန်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားလေ့ကျင့် ရေးစခန်းသို့ရောက်ရှိရာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး(ငြိမ်း) ဦးမျိုးမြင့်က ဂျပန်နိုင်ငံမှ နည်းပြ ဆရာနှင့်မိတ်ဆက်ပေးကာ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ ရေကူးကန်အတွင်း ရေကူးလေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးပြီး ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး (ငြိမ်း) ဦးမျိုးမြင့်က မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးစခန်း၌ တည်ဆောက်ထားသော ရေကူးကန်၊ အမျိုးသား အမျိုးသမီးအိပ်ဆောင်များ၊ စားရိပ်သာ၊ မိုးလုံလေလုံ၊ အားကစား ရုံတွင် ဝှီးချဲလ်ဘတ်စကက်ဘော၊ ထိုင်လျက် ဘော်လီဘောနှင့် ဘောလုံးကွင်းတို့အား ကုန်ကျစရိတ်နှင့် ပြင်ဆင်စရိတ်များ၊ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားဦးရေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မသန်စွမ်းဘောလုံး အားကစားပြိုင်ကွင်းနှင့် မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့သိုင်းလေ့ကျင့်ရေး ကျောင်းသို့ရောက်ရှိရာ ဇေယျာသိဒ္ဓိ သိုင်းခန်းမ၌ မြန်မာနိုင်ငံသိုင်းအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်က ပေ (၁၂ဝ x ၉ဝ)အကျယ်ရှိ မြန်မာ့သိုင်း အားကစားခန်းမ တည်ဆောက်မည့် ပုံစံအား ရှင်းလင်းတင်ပြပြီး တည်ဆောက်မည့် မြေနေရာအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ပံ့ပိုးကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
(ကြေးမုံ)
No comments:
Post a Comment