
လူအခွင့်အရေးဟူသော သဘောတရားနှင့်ယဉ်ပါးလာသည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ စတင်သည်ဟုဆိုရမည်ဖြစ်သည်။ အာဏာရှင်စနစ်တွင် လူ့အခွင့်အရေးဆိုသည်မှာ လူအများအတွက် ခံစားနိုင်သည့် အခွင့်အရေးတစ်ရပ်မရရှိနိုင်ဘဲ ဒီမိုကရေစီစနစ်တွင်သာ လူ့အခွင့်အရေးသည် လူတိုင်းနှင့်အကျုံးဝင်သော အခွင့်အရေးတစ်ရပ် ဖြစ်လာသည်။
အထူးသဖြင့် အရပ်သားအစိုးရ ဒီမိုကရေစီအသွင်ကူးပြောင်းသည့် ကာလတွင် လူ့အခွင့်အရေးသည် လူတိုင်းနှင့်သက်ဆိုင်သော အခြေခံ အခွင့်အရေးတစ်ရပ်အဖြစ်ရရှိနိုင်သည်ကို မြင်တွေ့လာရပါသည်။ လူတိုင်း လူ့အခွင့်အရေးကို အပြည့်အဝရရှိခံစားနိုင်ရေးအတွက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် ထိတွေ့ပူးပေါင်းဆောင်ရွက်မှုပြုသည့် ချဉ်းကပ်မှုပုံစံသစ်ဖြင့် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်အရေးတွင် ဝေဖန်မှုများကြားမှ လူ့အခွင့် အရေးချိုးဖောက်မှုမရှိစေရန် အလေးထားကြိုးပမ်းဆောင်ရွက်ပေးနေ သည်ကိုတွေ့ရသည်။ ယမန်နှစ် အောက်တိုဘာ ၉ ရက်မှအစပြုသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲမှုကို ထိပါးလာသည့်ဖြစ်စဉ်များသာဖြစ်သည်။
မည်သည့်နိုင်ငံမဆို အလားတူဖြစ်စဉ်မျိုးဖြစ်ပွားလာပါက မိမိနိုင်ငံ၏အကျိုးစီးပွားအတွက် ပြင်းပြင်းထန်ထန် ထိရောက်စွာကိုင်တွယ်ဖြေရှင်းမည် သာဖြစ်သည်။ ယခုဖြစ်စဉ်ကို မြန်မာနိုင်ငံက ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်ခွဲခြားမှုမရှိဘဲ မျှတစွာဖြင့် လူ့အခွင့်အရေး ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသမိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များသည် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသောဖြစ်စဉ်များ မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို သိရှိနိုင်မည်ဖြစ်သည်။ ယခုဖြစ်စဉ်တွင် စနစ်တကျကိုင်တွယ် ဆောင်ရွက်ခဲ့သည်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ရဲစခန်းများအား စနစ်တကျ အကွက်ချ အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းမှာ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကို တရားဝင်ထုတ်ပြန်ထားရာ မြန်မာနိုင်ငံသာမက နိုင်ငံအများ က ဖြစ်စဉ်အမှန်ကို သိရှိထားပြီးဖြစ်သည်။
မြန်မာ့မြေပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူစစ်ဆေးရေးနှင့် ၎င်းတို့ယူဆောင်သွားသော လက်နက်များပြန်လည်ရရှိရေးအတွက် နယ်မြေရှင်းလင်းကိုင်တွယ်ဖြေရှင်းမှုပြုရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည်ဟု စွပ်စွဲလာရာ အစိုးရက ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးခြင်းသည် လူ့အခွင့်အရေးပြဋ္ဌာန်းချက်များကို လေးစားလိုက်နာခြင်းပင်ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီ၏ ဆောင်ရွက်ချက်များသည် ပြဿနာအစိတ်အပိုင်းတစ်ရပ် မဖြစ်သင့်ဘဲ ပြဿနာဖြေရှင်းရေးကို အထောက်အကူပြုသင့်သည်။ နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် လူ့အသိုက်အဝန်းများကို ပိုမိုကွဲပြားသွားစေရန် ဆောင်ရွက်ခြင်းမျိုးမဖြစ်သင့်ဘဲ ပိုမိုနီးကပ်လာရေးအတွက် ကြိုးပမ်းမှုတွင် ကူညီပံ့ပိုးရေးကိုအာရုံစိုက်သင့်သည်။ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရာတွင် ပြစ်တင်ဝေဖန်ရှုတ်ချခြင်း၊ အရေးယူအပြစ်ပေး ခြင်းတို့အပေါ် အာရုံစိုက်နေခြင်းထက် ပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရေးအတွက် အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်ရန်လိုအပ်သည်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ဘက်လိုက် ခွဲခြားမှုမရှိဘဲ မျှတစွာဖြင့် လူသားများ၏အခွင့်အရေးကို ကာကွယ်မြှင့်တင် ပေးရန်နှင့် နိုင်ငံအားလုံး၊ လူသားအားလုံးအကျိုးအတွက်ဖြစ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက လူ့အခွင့်အရေးလုပ်ငန်းများအပေါ် ထားရှိသည့် ယုံကြည်မှုအား ထိခိုက်နိုင်သည်ကို သတိချပ်သင့်သည်။ ။
No comments:
Post a Comment