နေပြည်တော် မတ် ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Ngo Xuan Lich ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong ၊ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sok Chea နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဗီယက်နမ်တပ်မတော် နိုင်ငံခြားဆက်ဆံရေး ဌာနအကြီးအကဲ Lt. General Vu Chien Thang နှင့် တပ်မတော်အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဒေသစံတော်ချိန် ည ၇ နာရီတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြပြီး သံရုံးဧည့်ခန်း၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများ၊ ဗီယက်နမ်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသားများအား အမှာစကား ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာလက်ဆောင်ပစ္စည်းများ၊ တပ်မတော်အထည်ချုပ်စက်ရုံများမှ အဝတ်အထည်များအား ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမိသားစုများ၊ စစ်သံမှူး နှင့် ဇနီး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment