Sunday, March 5, 2017

ရလဒ်ကောင်းများဖြင့် ဆက်လက်ဦးတည်



Image may contain: text
ပြည်သူများ မျှော်လင့်ထားသည့် မျှော်မှန်းချက်မှာ ထာဝရငြိမ်းချမ်း ရေးပင်ဖြစ်သည်။ မငြိမ်းချမ်းခြင်း၏ ဆိုးမွေ၊ ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်တို့ကို ပြည်သူများ ကာလရှည်ကြာစွာ နားလည်ထားကြ၊ ခံစားခဲ့ကြရပြီး ဖြစ်သည်။ မျက်မှောက်ကာလတွင် ငြိမ်းချမ်းရေးခရီးမှာ မနီးသေးဟု ဆိုရမည်။ နှစ်ပေါင်းရှည်ကြာဝေးကွာနေသော ငြိမ်းချမ်းရေးကို ပြည်သူအားလုံး မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်စားနေဆဲဖြစ်သည်။
ငြိမ်းချမ်းရေးခရီးအတွက် ကာလရှည်ကြာကြိုးပမ်းခဲ့ကြသော်လည်း နီးနီးကပ်ကပ်နှင့် ထင်သာမြင်သာ ဝိုင်းဝန်းဆောင်ရွက်လာခဲ့သည်မှာ ခြောက်နှစ်ခန့်ပင်ရှိခဲ့ပြီ။ ငြိမ်းချမ်းရေးအတွက် ကနဦးလိုအပ်ချက်မှာ NCA တွင် သဘောတူညီမှုလက်မှတ်ရေးထိုးနိုင်ရန်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်မှာ အချိန်ကာလအတိုင်းအတာတစ်ခုသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ယခုအခါ NCA အတွက် ရောင်နီများသန်းလာပြီ ဟုဆိုရမည်။ မတူကွဲပြားမှုများကို အကြိမ်ကြိမ်ငြင်းခုံဆွေးနွေးနိုင်ခြင်း၏ အကျိုးရလဒ်ဟု ဆိုနိုင်သည်။
NCA တွင် ချုပ်ဆိုထားခြင်းမရှိသေးသောအဖွဲ့အစည်းများ ရှိသည်။ ထိုအဖွဲ့အစည်းများသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကို ထူထောင်ထားသည်။ ယခုအခါ ငြိမ်းချမ်း ရေးကော်မရှင်(PC)နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)တို့ပူးပေါင်းကာ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့၏ (၄)ကြိမ်မြောက် ဆွေးနွေးအဖြေရှာနိုင်မှုကြောင့် NCA တွင် စာချုပ်ချုပ်ဆိုထားခြင်းမရှိသော အဖွဲ့ အစည်းများ အဆိုပြုထားသည့် အဆိုပြုချက် (၉)ချက်ကို အစိုးရကိုယ်စား လှယ်များနှင့်မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည်မှာ ဝမ်းမြောက်ဖွယ် ဖြစ်သည်။
ယင်းသည် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်သည်။ ဆက်လက်၍ လုပ်ငန်းစဉ်များ တိုးတက်သည်ထက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရင်း နောက်ဆုံးပန်းတိုင်ထိတိုင် အရောက်သွားကြရမည်ဖြစ်သည်။ ယခုဆွေးနွေးနိုင်ခဲ့သည့် ရလဒ်များသည် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အကျိုးရှိမည့် ရလဒ်ကောင်းများ ဆက်လက်ပေါ်ထွက်လိမ့်မည်ဟု မျှော်လင့်ပါသည်။
လက်တွေ့တွင် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်များအား အပြည့်အဝအကောင်အထည်မဖော်နိုင်သေးချေ။ ပကတိမြေပြင်တွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တိုင်းရင်းသားပြည်သူများ၏ ဘဝအခြေအနေကို လုံလုံခြုံခြုံနှင့် တည်ဆောက်ပေးနိုင်ရန်အတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရန်မှာမူ အားလုံးတွင် တာဝန်ရှိပေသည်။
အသွင်မတူကွဲပြားခြားနားမှုများတွင် အဖုအထစ်၊ အကျိတ်အခဲ၊ အခက်အခဲများလည်း ရှိနေမည်ဖြစ်သည်။ သို့သော် စိတ်ရှည်သည်းခံခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ တစ်ဦးနှင့်တစ်ဦးအပေါ် ယုံကြည်ခြင်းတို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အလျှော့အတင်းသဘောမျိုးဖြင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြမည်ဆိုလျှင် နီးစပ်သောအဖြေကို ရရှိနိုင် မည်ဖြစ်သည်။
ငြိမ်းချမ်းရေးခရီးအတွက် စားပွဲဝိုင်းများပေါ်တွင် ဝိုင်းဝန်းအဖြေရှာ နေကြပြီ။ ယုံကြည်မှုဖြင့်တည်ဆောက်နေသော အချိန်ကာလတွင် ရံဖန်ရံခါ အခန့်မသင့်သောအကြောင်းကြောင်းတို့ကြောင့် ယုံကြည်မှုအခိုက်အတန့် ပျက်တတ်သည်လည်းရှိမည်။ သို့သော် နည်းလမ်းပေါင်းစုံဖြင့် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြမည်ဆိုလျှင် မျှော်လင့်ချက်နှင့် မဝေးနိုင်ဟု ဆိုချင်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ထိုသို့ပေါင်းစည်းအဖြေရှာကြပြီး ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများပါဝင်လာနိုင်ရေး နှစ်ဖက်ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံသို့ ဆက်လက်ဦးတည်တက်လှမ်းကြပါမည်။ ။

No comments:

Post a Comment