Sunday, March 5, 2017

ရန်ကုန်တိုင်း၌ လျှပ်စစ်လိုအပ်ချက်ပမာဏ နှစ်စဉ်မြင့်မားလျက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု များစွာလိုအပ်ဟုဆို



Image may contain: sky, cloud and outdoor
ရန်ကုန် မတ် ၎
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် လက်ရှိလျှပ်စစ်မီးရရှိပြီးသော အိမ်ထောင်စုများအား လျှပ်စစ်ဓာတ်အား လုံလောက်စွာပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှု များစွာလိုအပ်နေကြောင်း မတ် ၃ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ဆွေးနွေးသွားချက်များအရ သိရသည်။
မြန်မာနိုင်ငံအတွင်း အိမ်ထောင်စုပေါင်း ၁ဝ သန်းကျော်တွင် ၆ ဒသမ ၅ သန်းခန့်မှာ လျှပ်စစ်မီးမရရှိသေးဘဲ လက်ရှိလျှပ်စစ်မီးရရှိနေသည့် အိမ်ထောင်စုပေါင်း ၃ ဒသမ ၅ သန်းခန့်၏ လာမည့်နှစ်တွင် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် ထုတ်လုပ်လျှင် ပင် ငွေကျပ် ၉ဝဝ ဘီလီယံအထိ အရှုံးခံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အဆိုပါဖိုရမ်တွင် ပြောကြားခဲ့သည်။
နှစ်စဉ် တိုးမြင့်လာသည့် ဓာတ်အားလိုအပ်ချက်ပမာဏကို ဖြည့်တင်းနိုင်ရန် လျှပ်စစ် ထုတ်လုပ်ရေးအပိုင်းတွင်သာမက လျှပ်စစ်သွယ်တန်းမှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် ပြင်ဆင်ရန်၊ အဆင့်မြှင့်တင်တိုးချဲ့ရန် လိုအပ်လျက်ရှိသည့်အပြင် နှစ်စဉ် အနည်းဆုံး ၅ဝဝ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတစ်ရုံ တိုးချဲ့တည်ဆောက်နိုင်မှသာလျှင် လျှပ်စစ်လိုအပ်ချက်ကို ၂ဝ၃ဝ ပြည့်နှစ်တွင်မှသာ ကာမိနိုင်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်ကလည်း ပြောကြားထားသည်။
ယင်းကြောင့် ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန်မှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု ADB က တွက်ချက်ထားကြောင်း အဆိုပါဖိုရမ်မှ သိရသည်။ ယင်းအတွက် လက်ရှိဈေးဖြင့် ရောင်းချလျှင် လျှပ်စစ်ထုတ်လုပ်မှုစရိတ်ကို မကာမိနိုင်ဘဲ အရှုံးပေါ်မည့်အခြေအနေပင် ဖြစ်ကြောင်း ဖိုရမ်တွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်စဉ် နိုင်ငံတော်အစိုးရအနေဖြင့် ငွေကျပ် ၄၇ဝ ဘီလီယံခန့် လျှပ်စစ်ကဏ္ဍအတွက် အရှုံးပေါ်နေပြီး လျှပ်စစ်မီးရရှိပြီးဖြစ်သော အိမ်ထောင်စုများနှင့် လျှပ်စစ်မီး သွယ်တန်းမရရှိသေးသည့် အိမ်ထောင်စုများအတွက် လျှပ်စစ်လိုအပ်ချက် ပြည့်ဝစွာပေးအပ်နိုင်ရန်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်နေပြီး ယင်းအခြေအနေများအတွက် လျှပ်စစ်ကဏ္ဍဖိုရမ်တစ်ခု ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍရှိ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ဖိုရမ်တွင် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတစ်ဝန်းလုံး၏ စုစုပေါင်းလျှပ်စစ်ထုတ်လုပ်မှု ၅ဝ ရာခိုင်နှုန်းကျော်ကို အသုံးပြုနေသည့်အပြင် အဓိက စက်မှုလုပ်ငန်းများ တည်ရှိရာနှင့် နိုင်ငံ၏ ဂျီဒီပီပါဝင်မှု အများဆုံးဖြစ်သည့်အတွက် လျှပ်စစ်မီးလုံလောက်စွာရရှိရန် အရေးကြီးပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် များစွာလိုအပ်နေကြောင်း သိရသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် အခြေခံလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး ရန်ကုန်မြို့၏ လျှပ်စစ်ကဏ္ဍတွင်လည်း လျှပ်စစ်ဓာတ်အား အသုံးပြုခကို အများပြည်သူ ဝယ်သုံးနိုင်မည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားရန် အဆိုပါဖိုရမ်တွင် တက်ရောက်လာသည့် အစိုးရတာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့၏ လျှပ်စစ်အသုံးပြုခကို သုံးဆခန့် မြင့်တက်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများအပေါ် မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်လျှပ်စစ်လိုအပ်ချက်ပမာဏ မြင့်မားလာလျက်ရှိပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့်အပိုင်းတွင်လည်း လျှပ်စစ်ဓာတ်အား လေလွင့် ဆုံးရှုံးမှုများလည်း ရှိနေသည်ဟု သိရသည်။ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု ၁၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိနေပြီး ဓာတ်အားလိုင်းကြိုးသွယ်တန်းရာ လမ်းတစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများနှင့် ထိစပ်နေပါက လျှပ်စစ်ယိုစီးမှုဖြစ်ပြီး ဓာတ်အားပျောက်ဆုံးမှုဖြစ်ကာ Technical Loss များ ရှိသလို Non-technical Loss ဆိုသည့် ဓာတ်အားသုံးစွဲသူများနှင့် ဝန်ထမ်းများ၏ မသမာမှုများကြောင့်လည်းရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော် ဆွေးနွေးပွဲတွင် ပြောကြားထားသည်။
လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းများအပေါ် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေပြီး သုံးစွဲနိုင်သည့် လျှပ်စစ်ပမာဏထက် တိုးမြှင့်သုံးစွဲနေရမှုကြောင့် System Break Down ဖြစ်ကာ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရလျက်ရှိပြီး ပူပြင်းသည့် နွေရာသီတွင် လျှပ်စစ်အသုံးပြုမှု ပိုမိုလာသည့်အတွက် ယင်းပြဿနာများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တစ်နိုင်ငံလုံး၏ ထက်ဝက်ခန့်ကို သုံးစွဲလျက်ရှိပြီး မဂ္ဂါဝပ် ၁၂၅ဝ ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment