Friday, March 31, 2017

ပြည်သူနှင့်အတူ

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

''ကျွန်မတို့နိုင်ငံရဲ့ ကိစ္စတွေအတွက်ကို ပြည်သူနဲ့အတူတူ တာဝန်ယူမယ်။ ပြည်သူနဲ့ အတူတူ ကျွန်မတို့ ဒီတာဝန်တွေကို ထမ်းဆောင်မယ်။ ကျွန်မတို့အနေနဲ့ ဒီတာဝန်တွေကို ကျေပွန်ဖို့အတွက် ပြည်သူရဲ့အားကို ကျွန်မတို့ယူသလို ကျွန်မတို့ရဲ့စွမ်းအားတွေအားလုံးကိုလည်း ပြည်သူတွေ အတွက် ကျွန်မတို့ သုံးပါမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြည်သူနဲ့အတူ ကျွန်မတို့ နောက်နှစ်ကို ချီတက်သွားချင်ပါတယ်။ အဲဒီလိုချီတက်သွားတဲ့အခါ ကျွန်မ တို့ ပြည်သူပြည်သားအားလုံး ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများအားလုံး ဟာ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီကြလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါ တယ်။ ''
''ပြောင်းလဲချိန်တန်ပြီ'' ဟူသော ဆောင်ပုဒ်နှင့်အတူ ရွေးကောက် ပွဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူ၍ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွက်ခဲ့သည်မှာ တစ်နှစ်တာကာလ ရောက်ရှိခဲ့ပြီဖြစ်သည်။ တိုးတက်ဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါတို့အရ ယခုနှစ်၏ ဆောင်ပုဒ်အသစ်မှာ ''ပြည်သူ နှင့်အတူ'' ဖြစ်သည်။ ဆောင်ပုဒ်၏ အနှစ်သာရကို အထက်တွင်ဖော်ပြခဲ့ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှ ကောက်နုတ်ချက်တွင် ပေါ်လွင်ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသော အင်အားမှာ ပြည်သူ့အင်အားဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ တစ်ခဲနက် ပူးပေါင်း ပါဝင်မှုလိုအပ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထိရောက်ဆုံးနှင့် အကောင်းဆုံးသောနည်းလမ်းမှာ ပြည်သူတို့အား လူမှုရေးနှင့် နိုင်ငံရေးအရ စနစ်တကျ စုစည်းခြင်း(social and political mobilization)ဖြစ်သည်ဟုလည်း သုတေသီများက ဆိုကြသည်။ မိမိတို့ဖြတ်သန်းခဲ့ ကြဖူးသော အတိတ်ကာလ ခေတ်စနစ်အဆက်ဆက်တို့တွင်လည်း ''ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု'' ကို အစိုးရအသီးသီးတို့က ညွှန်းဆိုခဲ့ကြ သည်ကို တွေ့ကြုံခဲ့ကြရပြီးဖြစ်ရာ လက်တွေ့တွင်မူ ထိုခေတ်ထိုကာလ အစိုးရ သို့မဟုတ် ခေါင်းဆောင်များနှင့် ပြည်သူတို့အကြား ဘဝနှင့်ဆန္ဒတို့ ကွဲပြားခြားနားလျက် ကင်းကွာခဲ့ကြကြောင်းကိုလည်း မိမိတို့ တွေ့ကြုံခဲ့ကြ ရပြီးဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ပြည်သူများပူးပေါင်းပါဝင်မှု (Popular Participation)ဟု ဆိုရာတွင် လက္ခဏာသုံးရပ်ရှိကြောင်း သုတေသီများက ဖော်ထုတ်တင်ပြထားသည်။ ယင်းတို့မှာ-
၁။ အကောင်အထည်ဖော်သူများအဖြစ်ပါဝင်မှု (implementer or operator role)- လယ်ယာမြေဖော်ထုတ်ရေး၊ ရေဘေးကာကွယ် ရေး၊ လမ်းဖောက်လုပ်ရေး၊ ဆည်မြောင်းကန်ချောင်းများ တူးဖော်ရေး စသည့် ဖဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူထုက ပါဝင်လုပ်အားပေးဆောင် ရွက်ခြင်း။
၂။ နိုင်ငံတော်၏ ရေးရာကိစ္စအဝဝတွင် အဆုံးအဖြတ်ပေးရသည့် အဖွဲ့အစည်းအဆင့်ဆင့်၌ ပြည်သူများ ကျယ်ကျယ်ပြန့် ပြန့် ပါဝင်ခြင်း(decision-maker role)-အထူးသဖြင့် မူဝါဒဆိုင်ရာအဆုံးအဖြတ်ပေး သည့်နေရာများတွင် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ပါဝင်ခွင့်ရှိခြင်း။
၃။ ပြည်သူတို့သည် တစ်ဦးချင်းအားဖြင့်လည်း တီထွင်ကြံဆောင် ဖန်တီးသူများအဖြစ် ပါဝင်နေခြင်း (creative-initiative role or initiator role)တို့ ဖြစ်သည်။
နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတို့တွင် ပြည်သူများကိုယ်တိုင် စိတ်ဓာတ်နှင့် ယုံကြည်ချက်များအရ တက်ကြွစွာ အလိုအလျောက်ပါဝင်လာစေရန် စေ့ဆော်ဖန်တီးမှုများကို နိုင်ငံ ခေါင်းဆောင် သို့မဟုတ် အစိုးရတို့က ဦးဆောင်ဦးရွက်ပြု ဖော်ဆောင် ပေးခြင်းနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ခေါင်းဆောင် နှင့် ပြည်သူတို့၏ ''နှစ်ယောက်တစ်အိပ်မက်ပမာ '' ဖြစ်နေရန်လည်း လိုအပ်သည်။ တစိုက်မတ်မတ်ဖြစ်သော တစ်ခုတည်းသော မျှော်မှန်းချက် အပေါ်တွင် ဆန္ဒာဓိပတိကို အထွတ်တင်ခြင်းဖြင့် အောင်မြင်ခြင်းပန်းတိုင်ကို လှမ်းကိုင်နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment