Friday, March 31, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖြည့်စွက်သတင်းစကား


''ဒီနေ့မှာတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC အဖွဲ့ဝင် (၅) ဖွဲ့ ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ''ဝ''အမျိုးသားအဖွဲ့ချုပ် (WNO)တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCAကို လက်မှတ်ရေးထိုးတော့မှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ သတင်းကို အခုပဲ ကြားသိရပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် နိုင်ငံတော်အစိုးရရဲ့ တစ်နှစ်ပြည့်တဲ့ ဒီကနေ့မှာ ထုတ်ပြန်လာခဲ့တဲ့ ဒီသတင်းဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကောင်းမွန်ဆုံးသော ဆုလက်ဆောင်၊ မင်္ဂလာအရှိဆုံးသော သတင်းကောင်းပဲဖြစ်ပါတယ်။ UNFC အဖွဲ့ဝင် (၅) ဖွဲ့ကNCAလက်မှတ်ရေးထိုးဖို့ ယခုလိုဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ငြိမ်းချမ်းရေးမျှော်လင့်ချက်ရောင်ခြည်တွေ ပိုမိုတောက်ပလာ ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့ UNFC (၅)ဖွဲ့ကိုလည်း ကျွန်မတို့ အစိုးရ၊ ကျွန်မတို့ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံကြည်ပေးကြတဲ့အတွက် အထူးပဲ ဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံတော်သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ''ပြည်သူနှင့်အတူ'' လက်တွဲဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မလွဲမသွေ မုချရရှိမယ်လို့ အခိုင်အမာယုံကြည်ပါတယ်''

No comments:

Post a Comment