Thursday, March 30, 2017

အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: one or more people and people playing sports
နေပြည်တော် မတ် ၂၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂ဝ၁၇ အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသည်။
ပြိုင်ပွဲဒုတိယနေ့တွင် အိမ်ရှင် မြန်မာအသင်း ပွဲစဉ်မပါဝင်ဘဲ အုပ်စု (က)အခြားပွဲတွင် သြစတြေးလျ အသင်းက ဟောင်ကောင်အသင်းကို သုံးပွဲပြတ်အနိုင်ရခဲ့သည်။
ထို့ကြောင့် နိုင်ပွဲတစ်ပွဲစီရထားသည့် မြန်မာနှင့် သြစတြေးလျအသင်းတို့မှာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီး ယနေ့ ကစားမည့်ပွဲတွင် အုပ်စုပထမနေရာ အတွက်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အခြားပွဲစဉ်များတွင် တောင်ကိုရီးယားအသင်းက အီရန်အသင်းကို သုံးပွဲပြတ်၊ ဂျပန်အသင်းက သီရိလင်္ကာအသင်းကို သုံးပွဲပြတ်တို့ဖြင့် အနိုင်ရခဲ့သည်။
ယခုပွဲအပြီးတွင် ကွာတားဖိုင်နယ်တက်ရောက်သည့်အသင်းအများစုထွက်ပေါ်လာပြီဖြစ်ပြီး မတ် ၃ဝ ရက်တွင် ကစားမည့် အုပ်စုနောက်ဆုံးပွဲတွင် ပထမနေရာအတွက် သာ အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းစီမှာ ကွာတား ဖိုင်နယ်တက်ခွင့်ရမည်ဖြစ်ပြီး ကွာတားပွဲများမကစားမီ အဆင့်သတ်မှတ်ရန် ဒုတိယအဆင့်အုပ်စုပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ကျန်အသင်းများမှာ အဆင့် (၉)နေရာမှ (၁၁)နေရာ လုပွဲအတွက် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကာ အုပ်စု(ဃ) မှ ကာဇက်စတန်အသင်းမှာ ပြိုင်ပွဲနီးမှ ထပ်မံနုတ်ထွက်သွားခဲ့သည်။
ယင်းပြိုင်ပွဲကို ပရိသတ်များအခမဲ့လာရောက် အားပေးကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုကိုစိုးညွန့်

No comments:

Post a Comment