
ရန်ကုန် မတ် ၅
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၌ မတ် ၄ ရက် ညသန်းခေါင်ယံ ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၅ ရက် နံနက် ဝဝ နာရီ ၄၃ မိနစ်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ် (၆၄)ရပ်ကွက် စက်မှု ဇုန်(၂) အင်းယားလမ်းနေ ဦးကျော်မင်း၏ (ပေ ၄ဝx ပေ ၆ဝ)အကျယ်အဝန်းရှိ အာရ်စီ သုံးထပ်တိုက် မြန်မာ့အလှ သနပ်ခါးလုပ်ငန်း၌ မီးလောင် နေကြောင်း သတင်းအရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၏ အနီးကပ် ကြီးကြပ် ကွပ်ကဲမှုဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် အပါအဝင် မြို့နယ်အသီးသီးမှ မီးသတ် ယာဉ် ၄၂ စီး၊ ဌာနချုပ်မှ လေး စီး၊ လသာ(အရန်)မှ တစ်စီး အပါအဝင် စုစုပေါင်း မီးသတ် ယာဉ် ၄၇ စီးနှင့် စုစုပေါင်း အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့မှ မတ် ၅ ရက် နံနက် ၁ နာရီ ၁ဝ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီ ၁၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ ပိုင်ရှင်ဦးကျော်မင်း ခြင်ဆေးခွေ ထွန်းထားခဲ့ရာ အနီးရှိကတ်ထူ စက္ကူများသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဝန်ထမ်းများ နှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ က အဆိုပါလုပ်ငန်းရှိ DCP- 3kg မီးသတ်ဆေးဘူး ၂ဝ ဖြင့် ကနဦး မီးငြှိမ်းသတ်ခဲ့ကာ မီးလောင်မှုကြောင့် ကတ်ထူ စက္ကူများ၊ ပလတ်စတစ်ပုံးခွံများ နှင့် အကျယ်အဝန်း (ပေ ၄ဝx ပေ ၆ဝ) တတိယ တစ်ထပ် မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ပိုင်ရှင် ဦးကျော်မင်း အသက်(၆၄)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ (ပ) ၂ဝ/၂ဝ၁၇၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း(စိုးဝင်း-MLA)
ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)
ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment