Monday, March 6, 2017

နိုင်ငံတကာမြင်ကွင်း




Image may contain: 5 people, crowd
ရဲရင့်လင်းလက်
ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံပိုင်သတင်းစာတွေက နှစ်ပေါင်းများစွာ မသိသလို၊ မဖြစ်ခဲ့သလို လုပ်ခဲ့တဲ့ အကြောင်းအရာကို ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်စစ်ပွဲပါ။ မသိသလို၊ မဖြစ်ခဲ့သလို ရှောင်ရှားခဲ့တဲ့ကိစ္စရပ်ကို ဖော်ပြလာတဲ့သဘောက နှစ်နိုင်ငံဆက်ဆံမှုသမိုင်းမှာ ခါးသီးနာကြည်းစရာဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းမယ့်သဘောလို့ပဲ ယူဆရမှာပါ။ ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံပိုင်သတင်းစာ တော်တော်များများက ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ်နယ်စပ်စစ်ပွဲကို ပထမဦးဆုံးအကြိမ် ရေးသားဖော်ပြလာပါတယ်။ ဗီယက်နမ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီက ဆင်ဆာ မူဝါဒကို ဖြေလျှော့လာတယ်လို့လည်း ယူဆနိုင်ပါတယ်။
၁၉၇၉ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်စစ်ပွဲဟာ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ဝေလီဝေလင်းမှာ စဖြစ်ပွားခဲ့တာပါ။ တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံရဲ့ မြောက်ပိုင်း ပြည်နယ်တွေကို ကျူးကျော်စစ်ပုံစံအပြည့်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဖြစ်ပွားခဲ့တာပါ။ ပြောမယ်ဆိုရင် ဒီတရုတ်-ဗီယက်နမ် နယ်စပ်စစ်ပွဲဟာ သက်တမ်းသိပ်မကြာခဲ့ပါဘူး။ ၂၇ ရက်ပဲ ကြာခဲ့တာပါ။ ဒါပေမယ့် ဒီနယ်စပ်စစ်ပွဲကြောင့် သေကျေပျက်စီးဆုံးရှုံးမှုကတော့ ဧရာမလို့ပဲပြောရမှာပါ။ တရုတ်နိုင်ငံ ဘက်ကရော ဗီယက်နမ်နိုင်ငံဘက်ကပါ သေဆုံးဒဏ်ရာရသူစာရင်းကို တရားဝင် မထုတ်ပြန်ခဲ့တဲ့အတွက် အတိအကျပြောဖို့ကတော့ မလွယ်ပါဘူး။ တချို့သုံးသပ်သူတွေကတော့ တရုတ်စစ်တပ်ရဲ့ ကျဆုံးစာရင်းဟာ ၂၁ဝဝဝ ကနေ ၆၃ဝဝဝ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဗီယက်နမ်ရဲ့ကျဆုံးစာရင်း ကိုလည်း သောင်းဂဏန်းအထိ တွက်ချက်ခန့်မှန်းကြပါတယ်။ ဒီနယ်စပ်စစ်ပွဲရဲ့ စစ်မြေပြင်ဟာ ဗီယက်နမ်နိုင်ငံထဲမှာပဲရှိတာမို့ ဗီယက်နမ်နိုင်ငံရဲ့ ကျဆုံးစာရင်းမှာ အရပ်သူ အရပ်သားတွေလည်း ပါဝင်နေတာပါ။
တိုတောင်းပြီး ခါးသီးနာကြည်းစရာ ကောင်းတဲ့ ဒီနယ်စပ်စစ်ပွဲဟာ မတူကွဲပြားတဲ့ ကွန်မြူနစ်ဝါဒကို ကျင့်သုံးကြတဲ့ အိမ်နီးချင်း နိုင်ငံနှစ်နိုင်ငံကြား အဆင်မပြေတဲ့ ကာလတွေရဲ့ ကနဦးအစလို့ပြောရမှာပါ။ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေကြားမှာ ဒီနယ်စပ် စစ်ပွဲအပြင် နှစ်နိုင်ငံနယ်စပ်မျဉ်းတစ်လျှောက် ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ခဲ့သလို ၁၉၈၈ ခုနှစ် နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဗီယက်နမ်သင်္ဘောသား ၆၄ ဦး သေဆုံးခဲ့ဖူးပါတယ်။ စပရက်တလေ ကျွန်းစုတွေကို တရုတ်နိုင်ငံက သိမ်းပိုက်ထားတာကလည်း နှစ်နိုင်ငံကြား အဖုအထစ်ဖြစ်စရာကိစ္စပါ။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံကနေ ဗီယက်နမ် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းခဲ့တာနဲ့ ၁၉၉ဝအစောပိုင်းကာလက ဆိုဗီယက်ပြည်ထောင်စု အပါအဝင် အရှေ့ဥရောပနိုင်ငံတွေမှာ ကွန်မြူနစ်အစိုးရတွေ ပြိုလဲခဲ့တဲ့ဖြစ်ရပ်တွေဟာ နှစ်နိုင်ငံကြားပြန်လည်သင့်မြတ်ရေးကို ဦးတည်စေခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ်က တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ လျှို့ဝှက်ထိပ်သီး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး နောက်တစ်နှစ်မှာ နှစ်နိုင်ငံကြား သံတမန်ဆက်သွယ်ရေး ပြန်စခဲ့ပါတယ်။
နှစ်နိုင်ငံကြား ဒီလိုသံတမန်ဆက်သွယ်ရေးပြန်စခဲ့တဲ့အတွက် ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ နှစ်နိုင်ငံကြား အဖုအထစ်ဖြစ်စရာကိစ္စတွေကို မဖော်ပြတော့ပါဘူး။ ဗီယက်နမ်ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံ သမိုင်းကြောင်းတစ်လျှောက်ရှိခဲ့တဲ့ မပြေလည်မှုတွေနဲ့ နာကြည်းမှုတွေကို ဘေးဖယ်ပြီး တရုတ်နိုင်ငံနဲ့ နိုင်ငံရေးအရရော စီးပွားရေးအရပါ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲ အာရုံစိုက်ဆောင်ရွက်ခဲ့ပါတယ်။ ပြောရရင် နှစ်နိုင်ငံကြားဖြစ်ပွားခဲ့တဲ့ နာကြည်းစရာ ကိစ္စရပ်တွေအပေါ် တရုတ်နိုင်ငံက ပိုပြီး ခပ်မဆိတ်နေခဲ့တာပါ။ ၂ဝဝ၅ ခုနှစ်ထုတ် နယူးယောက်တိုင်း(မ်) သတင်းစာတစ်စောင်မှာ ဆောင်းပါးရှင် ဟောင်းဝပ်ဖရန့်က ''ဒီစစ်ပွဲကို တရုတ်နိုင်ငံက စတင်ဖန်တီးခဲ့ပြီး ဒီစစ်ပွဲဟာ တရုတ်နိုင်ငံအတွက် ဆုံးရှုံးမှုလို့ မပြောနိုင်ဘူးဆိုရင်တောင်မှ မရေမရာ ရည်ရွယ်ချက်တွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတဲ့အမှားတစ်ခုပါ။ ဒီမရေမရာ ရည်ရွယ်ချက်တွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခမာနီခေါင်းဆောင် ပိုလ်ပေါ့ကို ဗီယက်နမ်နိုင်ငံက ဖြုတ်ချခဲ့တဲ့အတွက် ဗီယက်နမ်နိုင်ငံကို ဒဏ်ခတ်ချင်တာက အဓိကအချက်ပါ။ ပိုလ်ပေါ့ဟာ တရုတ်နိုင်ငံရဲ့မဟာမိတ်ဖြစ်ပြီး ၂ဝ ရာစုရဲ့ အဆိုးရွားဆုံးအာဏာရှင်တစ်ဦးလိုပြောရမှာပါ'' ဆိုပြီး ရေးသားထားပါတယ်။ ဆောင်းပါးခေါင်းစဉ်ကို ''အကြောင်းမဲ့ စစ်ပွဲလေလား၊ တရုတ်နိုင်ငံက ပြည်ဖုံးကားချလိုက် ပါပြီ''လို့ ပေးထားပါတယ်။
အခုချိန်အထိတော့ တရုတ်နိုင်ငံကရော ဗီယက်နမ်နိုင်ငံကပါ နာကြည်းစရာအတိတ် ဇာတ်လမ်းတွေကို ပြန်အစဖော်ကြပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ့် ဒီလိုအတိတ်သမိုင်းတူးဆွမှုတွကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာပါ။ ဟနွိုင်းမြို့နဲ့ ဟိုချီမင်းမြို့တွေမှာ ဗီယက်နမ်နိုင်ငံသား တချို့က တရုတ်-ဗီယက်နမ်နိုင်ငံ နယ်စပ် စစ်ပွဲ (၃၈)နှစ်မြောက်အခမ်းအနားကျင်းပဖို့ကြိုးစားတဲ့အခါ ဗီယက်နမ်ရဲတပ်ဖွဲ့က လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။ ခါတိုင်နှစ်တွေနဲ့ မတူတဲ့ ဒီနှစ်ရဲ့ထူးခြားချက်ကတော့ နှစ်နိုင်ငံကြားက နယ်စပ်စစ်ပွဲအကြောင်းကို Thanh Nien? Vietnam Net နဲ့ Vn Express တို့လို ဗီယက်နမ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ဖြစ်တဲ့ Nhan Dan သတင်းစာမှာတော့ ဒီကိစ္စကိုမဖော်ပြခဲ့ပါဘူး။ နိုင်ငံပိုင်သတင်းစာတွေမှာ နှစ်နိုင်ငံကြားက နယ်စပ်စစ်ပွဲကို ပြန်ဖော်ပြဖို့ဆိုတာ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ခွင့်ပြုချက်မရှိဘဲ မဖြစ်နိုင်ပါဘူး။ ဒီလိုဖော်ပြခဲ့တဲ့အတွက် ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ တရုတ်နိုင်ငံဆိုင်ရာ အတိတ်၊ ပစ္စပ္ပန် ဆက်ဆံရေးအပေါ် ချဉ်းကပ်ပုံပြောင်းလဲလာတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
၂ဝ၁၆ ခုနှစ် မတ်လမှာတော့ ကျဆုံးသွားတဲ့ တရုတ်သင်္ဘောသား ၆၄ ဦးရဲ့ (၂၈)နှစ် မြောက် အခမ်းအနားကို ဗီယက်နမ်တစ်နိုင်ငံလုံးမှာ ကျင်းပခဲ့ပါတယ်။ ဗီယက်နမ်ကွန်မြူနစ် ပါတီရဲ့ အာဘော်ဖြစ်တဲ့ Nhan Dan အပါ အဝင် ဗီယက်နမ်နိုင်ငံပိုင်သတင်းစာတွေက ဒီဖြစ်ရပ်ကို တရုတ်ကျူးကျော်စစ်တွန်းလှန်ပွဲ အဖြစ်ပုံဖော်ခဲ့ပြီး ကျဆုံးသူတွေကို သူရဲ့ကောင်းတွေအဖြစ် ဖော်ပြခဲ့ပါတယ်။ မကြာ သေးခင်နှစ်တွေအတွင်း တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ သြဇာအာဏာ ဖြန့်ကြက်ခဲ့မူကြောင့် ဗီယက်နမ်ပြည်သူတွေက ဗီယက်နမ်အစိုးရအပေါ် အငြင်းပွားနေတဲ့ ပင်လယ်ပြင်ပိုင်နက်နယ်မြေတွေနဲ့ ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ခိုင်ခိုင် မာမာဖော်ပြလာအောင် တွန်းအားပေးခဲ့တာကတော့ မငြင်းနိုင်တဲ့အချက်ပါ။ ပြောရရင် ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ ဗီယက်နမ်ပြည်သူတွေဆင်နွှဲခဲ့ရတဲ့ ပြည်ပကျူးကျော်မှုဟန်တားရေးစစ်ပွဲတွေက မနည်းပါဘူး။ ဂျပန်ကျူးကျော်စစ် (၁၉၄၅)၊ ပြင်သစ် ကျူးကျော်စစ် (ပထမအင်ဒိုချိုင်းနားစစ်ပွဲ ၁၉၄၆-၅၅)၊ အမေရိကန်ကျူးကျော်စစ် (ဒုတိယအင်ဒိုချိုင်းနားစစ်ပွဲ ၁၉၅၄-၇၅) နဲ့ ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်စစ်ပွဲ တတိယ အင်ဒိုချိုင်းနားစစ်ပွဲတွေပါ။ တတိယ အင်ဒို ချိုင်းနားစစ်ပွဲကလွဲလို့ ကျန်ကျူးကျော်မှု ဟန့်တားရေးစစ်ပွဲမှာ ဗီယက်နမ်နိုင်ငံက အောင်ပွဲခံနိုင်ခဲ့တာဖြစ်လို့ ဗီယက်နမ်ပြည်သူတွေအတွက် ဂုဏ်ယူစရာပါ။
အတိတ်သမိုင်းမှာ တရုတ်-ဗီယက်နမ် နယ်စပ်စစ်ပွဲကို မသိသလို မဖြစ်သလိုနေခဲ့တဲ့အတွက် လူငယ်မျိုးဆက်သစ်တွေဟာ ဒီနယ်စပ်စစ်ပွဲအကြောင်းကို သိပ်မသိကြပါဘူး။ လက်ရှိအခြေအနေမှာတော့ ဒီတရုတ်-ဗီယက်နမ်နယ်စပ် စစ်ပွဲအကြောင်းကို သမိုင်းသင်ရိုးညွှန်းတမ်းစာအုပ်တွေမှာ ထည့်သွင်းပေးဖို့တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကွန်မြူနစ်ပါတီက အိမ်နီးချင်း တရုတ်နိုင်ငံက ဒီလိုဆောင်ရွက်ခဲ့ရင် စိတ်ဆိုးအမျက်ထွက်မှာစိုးရိမ်တဲ့အတွက် ဆောင်ရွက်လိုစိတ်ရှိပုံမရပါဘူး။ ပကတိအခြေအနေအရ ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောနိုင်ပေမယ့် ဗီယက်နမ် ပြည်သူတွေက ဒီဆုံးဖြတ်ချက်အပေါ်မှာ အားမလိုအားမရ ဖြစ်ပုံရပါတယ်။ ပြောရရင် အဖြစ်အပျက်အမှန်တွေကို အသိအမှတ်ပြုတာဟာ သမိုင်းဒဏ်ရာဒဏ်ချက်တွေကို ကုစားရာမှာ ထိရောက်ပါတယ်။ သမ္မတ အိုဘားမားက အမေရိကန်-ဗီယက်နမ်စစ်ပွဲကို ရည်ညွှန်းပြီး ''ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတွေကကြေကွဲစရာ ဖြစ်ရပ်တွေနဲ့ နစ်နာဆုံးရှုံးမှုတွေကိုပဲ ဖန်တီးပေးတာပါ။ စစ်ပွဲရဲ့ အကြောင်းတရားတွေအပေါ် ကျွန်တော်တို့ ဘယ်လိုပဲသဘောကွဲကွဲ တိုင်းပြည်အတွက် အသက်ပေးတာဝန် ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တွေရဲ့ အိမ်အပြန်ကို တော့ ကျွန်တော်တို့ချီးကျူးဂုဏ်ပြုဖို့ လိုပါတယ်။ ဒါဟာ ဒီရဲဘော်တွေ ရသင့်ရထိုက်တဲ့ ချီးကျူးဂုဏ်ပြုမှုမျိုးပါ'' လို့ အသိအမှတ်ပြု စကားပြောခဲ့ပါတယ်။ တရုတ်-ဗီယက်နမ် နယ်စပ်စစ်ပွဲနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ဒီစစ်ပွဲနဲ့ပတ်သက်ပြီး နှစ်နိုင်ငံပညာရှင်တွေကြား ပြောဆိုဆွေးနွေးမှုတွေ ရှိလာနိုင်တဲ့ အရိပ်လက္ခဏာတွေ တွေ့ရပါတယ်။ ဒီအရိပ် လက္ခဏာတွေဟာ တရုတ်ပြည်သူတွေနဲ့ ဗီယက်နမ်ပြည်သူတွေကြား ရေရှည်တည်တံ့မယ့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းဖြစ်လာနိုင် တယ်ဆိုတာကို ထောက်ပြရင်း ငြိမ်းချမ်းရေးက စစ်ပွဲတွေအပေါ် အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ။

No comments:

Post a Comment