Monday, March 6, 2017

မိတ္ထီလာတွင် ဒုတိယအကြိမ် ရှင်အပါး ၅ဝဝ ရှင်လောင်းလှည့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ



Image may contain: 9 people, outdoor
မိတ္ထီလာ မတ် ၅
မိတ္ထီလာတွင် ဒေါ်ခင်ရှိန်မိသားစု၏ ကုသိုလ်ကောင်းမှုအဖြစ် ဒုတိယအကြိမ် ရှင်အပါး ၅ဝဝ ရှင်လောင်း လှည့်လည်ပွဲကို မတ် ၄ ရက် ညနေ ၄ နာရီက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
''အမေငယ်ငယ်တုန်းက ကျေးရွာတွေဘက်မှာ အလုပ်ကိစ္စနဲ့ သွားရင်းလာရင်း ကလေးအသုဘတစ်ခုမှာ ရှင်လောင်းမသာချတဲ့ပုံစံတွေ့လို့ နားလည်တတ်ကျွမ်းတဲ့ သံဃာတော်တွေထံမေးမြန်းကြည့်ပြီး ဗုဒ္ဓဘာသာကလေးငယ်တွေ ရှင်မပြုရခင် ကွယ်လွန်ရင် နောင်ဘဝ အထုံပါအောင် ပြုလုပ်ပေးတာလို့သိခဲ့တယ်။ အဲဒီကစလို့ အရွယ်ရောက်ပြီးရှင်မပြု နိုင်တဲ့ကလေးငယ်တွေကို တတ်နိုင်သမျှ ကလေး ၃ဝ၊ ၄ဝ၊ ၅ဝ နည်းနည်းစီ ရှင်ပြုပေးရာကနေ ဟိုဘက်နှစ်က ပထမအကြိမ် ရှင်အပါး ၅ဝဝ ရှင်ပြုပွဲကို မလှိုင်မြို့နယ်ဘက်မှာသွားပြီးကုသိုလ်ယူခဲ့တယ်။ တချို့က မတတ်နိုင်လို့ ကလေးငယ်တွေကို ရှင်မပြုပေးနိုင်ဘူး။ တချို့က ငွေကြေးတတ်နိုင်ပေမယ့် အများနဲ့ စုပေါင်းရှင်ပြုလုပ်ပြီး စည်စည်ကားကားနဲ့ဖြစ်စေချင်တဲ့ မိဘတွေလည်းရှိတော့ အခုလို ဒုတိယအကြိမ် ရှင်အပါး ၅ဝဝ ရှင်ပြုပွဲကို ပြုလုပ်ဖြစ်တာပါ။ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ် စတဲ့ နယ်တွေဘက်က ကလေးငယ် ၅ဝဝ ကို စုပေါင်းရှင်ပြုပြီး ဝင်းခင်းနဲ့ ဆင်ခင်း၊ မြင်းခင်းရှင်လောင်းလှည့်လည်ပွဲ ကျင်းပတာပါ''ဟု ဒေါ်ခင်ရှိန်၏ သားဖြစ်သူ ကိုမျိုးသန်းနိုင်က ပြောသည်။
အဆိုပါ ရှင်အပါး ၅ဝဝ ရှင်လောင်းလှည့်လည်ပွဲကို အောင်မင်္ဂလာခန်းမမှ ရန်ကုန်-မန္တလေးကားလမ်းမအတိုင်း ရွှေမြင်တင်ဘုရား၊ ရွှေမြင်တင်ဘုရားမှ တော်ဝင်နန်းလမ်းဆုံ၊ ၎င်းမှတစ်ဆင့် အောင်မင်္ဂလာခန်းမသို့ ဆင်တော် သုံးစီး၊ မြင်းကောင်ရေ ၃ဝ ကျော်နှင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ရာ ဒေသခံများက စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှု ကြကြောင်းသိရသည်။
ချမ်းသာ (မိတ္ထီလာ)

No comments:

Post a Comment