
နယူးဒေလီ မတ် ၅
အကြမ်းဖက်မှုဘေးအန္တရာယ်မှ လေဆိပ်များအား အကာအကွယ်ပေးနိုင်ရေးစွမ်းပကားကို မြှင့်တင်နိုင်ရန်ရည်ရွယ်လျက် နိုင်ငံတစ်ဝန်းရှိ အရပ်ဘက်လေဆိပ် ၅၉ ခုတွင် အဆင့်မြင့် နည်းပညာသုံး စီစီတီဗွီလုံခြုံရေးကင်မရာများကို တပ်ဆင်ခြင်း၊ ကျည်ကာကားများ ဖြန့်ကြက်ခြင်းနှင့် လေဆိပ်ပတ်ပတ်လည်တွင် လုံခြုံရေးစည်းရိုးကာရံခြင်းတို့ ပြုလုပ်သွားမည့် အစီအစဉ်တစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်း ပီတီအိုင်သတင်းဌာနက မတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
လေဆိပ်များ၌ လုံခြုံရေးဆိုင်ရာ စက်ကိရိယာများ တပ်ဆင်ခြင်းနှင့် အခြေခံတည် ဆောက်ခြင်းတို့ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်သွားနိုင်ရေးအတွက် အစီအစဉ်တစ်ရပ်ကို အိန္ဒိယလက်နက်ကိုင်ရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိသည်။
ခေတ်မီလုံခြုံရေးအစီအမံများကို ချမှတ်ဆောင်ရွက်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း အိန္ဒိယလေဆိပ်များသည် ကမ္ဘာပေါ်တွင် လုံခြုံရေးအရ အဆင့်အမြင့်ဆုံးလေဆိပ်များတွင် ပါဝင်လာမည်ဟု ဆိုသည်။
လက်နက်ကိုင်ရဲတပ်ဖွဲ့၊ မြို့ပြလေကြောင်းလုံခြုံရေးဗျူရိုနှင့် လေဆိပ်ဝန်ဆောင်လုပ်ငန်းကုမ္ပဏီများစုပေါင်း၍ လုံခြုံရေးအရ အဆင့်မြှင့်တင်မှု ပြုလုပ်မည့် လေဆိပ်များကို ရွေးချယ်နိုင်ရန် သုံးသပ်လေ့လာလျက်ရှိသည်။
လေဆိပ်များ၌ လုံခြုံရေးစနစ်များတပ်ဆင်ကာ အဆင့်မြှင့်တင်မှုလုပ်ငန်းကို လာမည့်လအနည်းငယ်အတွင်း စတင်ပြုလုပ်နိုင်မည်ဟု မျှော်လင့်ရသည်။
လေဆိပ်လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း လက်နက်ကိုင်ရဲတပ်ဖွဲ့၏ ညွှန်ကြား ရေးမှူးချုပ် အိုပီဆင်းက ပြောကြားသည်။
လေယာဉ်ပေါ် မတက်ရောက်မီ ခရီးသည်များအား လုံခြုံရေးအရ လေ့လာစောင့် ကြည့်ခြင်း၊ ခရီးသည်များ နားနေဆောင်မှသည် လေယာဉ်ရပ်နားထားရာနေရာအထိ နေရာအမျိုးမျိုးတွင် လှုပ်ရှားဆောင်ရွက်ချက်များကို မှတ်တမ်းယူသွားရန် စီစီတီဗွီကင်မရာများကို တပ်ဆင်သွားမည်ဆို၏။
ပီတီအိုင်။
No comments:
Post a Comment