Thursday, March 30, 2017

လူထုအစိုးရသစ်၏ ပထမနှစ်ပတ်လည်

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

လူထုအစိုးရသစ်က တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ် ပြည့်တော့မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုကြား၌ လူထုအစိုးရ သစ်သည် တိုင်းပြည်တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ပါ၏လော ဟူသောမေးခွန်းကို ဆန်းစစ်နေမည်မှာ အသေအချာပင်ဖြစ်ပါ သည်။ ပုဂ္ဂလိကသတင်းမီဒီယာများ၌ လူထုအစိုးရသစ်သည် ပြည်သူ လူထု၏မျှော်မှန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ခြင်းမရှိဟု မှတ်ချက်ပေးကြသည်ကို မြင်တွေ့ကြားသိရပါသည်။ ဤနေရာ၌ တစ်နှစ် ဟူသော အချိန်ကာလသည် လူထုအစိုးရသစ်အတွက် ပြည်သူလူထု၏မျှော်လင့်ချက်များဖြည့်ဆည်းရန် လုံလောက်သော အချိန်ဟုတ် / မဟုတ်ကို ပြန်သုံးသပ်ရမည်ဖြစ်ပါသည်။
နှစ်ပေါင်း (၅၃) နှစ်ဟူသော သမိုင်းကိုဖြတ်သန်းပြီး ပထမဦးဆုံး ပေါ်ပေါက်လာသော လူထုကရွေးချယ်တင်မြှောက်သည့် လူထုအစိုးရသစ် အတွက် တစ်နှစ်ဟူသော အချိန်ကာလသည် မူဝါဒတို့၏ထိရောက်မှုကို သက်သေပြရန် လုံလောက်သောအချိန်ကာလမဟုတ်သည်မှာ သေချာ ပါသည်။ သို့သော် တစ်နှစ်ဟူသော အချိန်ကာလသည် လူထုအစိုးရသစ်၏ ဦးတည်ချက်များကို မှန်းဆနိုင်သော အချိန်ကာလဖြစ်ပါသည်။ လူထု အစိုးရသစ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးက ပါဝင်လက်မှတ် ရေးထိုးရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေသည်မှာ ထင်ထင်ရှားရှား မြင်တွေ့ရသောအချက်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လူထု အစိုးရသစ်သည် တိုင်းပြည်အတွင်း၌ ပြီးပြည့်စုံသော ငြိမ်းချမ်းရေးရရှိ ရန် ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
စီးပွားရေးကဏ္ဍ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရည်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လူထုအစိုးရသစ်၏ စီးပွားရေးဆိုင်ရာ အဓိကမူဝါဒသည် ကျယ်ပြန့်သော ပြည်သူလူထုတို့အကျိုးရှိစေရေးဖြစ်သည်ကို တွေ့ရပါ သည်။ လူထုအစိုးရသစ်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ကန်ထရိုက်လယ်ယာစနစ်ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်မှာ မှန်ကန်သောခြေလှမ်းဖြစ်ပါသည်။ တောင်သူလယ်သမားတို့၏ ရင်းနှီး ငွေလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရန် နိုင်ငံတော်ဘဏ်များကိုသာမက ပုဂ္ဂလိကဘဏ်များကိုပါ ပါဝင်လာစေရန် ဆောင်ရွက်ခြင်းနှင့်အတူ နိုင်ငံခြားဘဏ်တို့ကို ပြည်တွင်းတွင် ဝန်ဆောင်မှုများ ပိုမိုဆောင်ရွက် ခွင့်ပြုရန် ဦးတည်လာခြင်းသည် ကြိုဆိုရမည့်လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ဤဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒအပြောင်းအလဲတို့သည် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတို့၏ ရင်းနှီးငွေလိုအပ်ချက် ကိုဖြည့်ဆည်းရာ၌ အထောက်အပံ့ကောင်းများ ဖြစ်မည်ဖြစ်ပါသည်။ အဓိကတင်ပြလိုသည်မှာ တစ်နှစ်တာကာလအတွင်း လူထုအစိုးရသစ်က အကောင်အထည်ဖော်လျက်ရှိသော တိုင်းပြည်အကျိုး ပွားများစေမည့် မူဝါဒတို့အပေါ် မျက်ခြည်ပြတ်၍ မျှော်လင့်ချက်များ ပါးလျမသွားစေရန် ဖြစ်ပါသည်။ လူထုအစိုးရသစ်၏အင်အားသည် လူထု၏ထောက်ခံမှု ဖြစ်သည်ဟူသောအချက်ကို အလေးအနက် နှလုံးသွင်းရန်ဖြစ်ပါ သည်။ ။

No comments:

Post a Comment