
နေပြည်တော် မတ် ၅
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာမည့်ကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ထားပါကြောင်း၊ ထိုလုပ်ငန်းစဉ်များအရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာမည့် ကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ်ကို ဧပြီ ၁ ရက်မှ စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားပါကြောင်း၊ လူ့ဘဝတစ်လျှောက် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိရန် လူသားဘဝအစ ရက်(၁ဝဝဝ)သည် အာဟာရပြည့်ဝရန် အလွန်အရေးကြီးပါကြောင်း၊ မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလ၊ မီးနေသည်ကာလနှင့် နို့တိုက် မိခင်ကာလများသည် အာဟာရပြည့်ဝရန် လိုအပ်သဖြင့် ဖြည့်စွက်အာဟာရစားသောက်ရန်အတွက် တစ်လလျှင် ကျပ် ၁၅ဝဝဝ ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်နေ့လျှင် ကျပ် ၅ဝဝ အာဟာရဖြည့်စွက် စားသုံးနိုင်မည်ဖြစ်ပါကြောင်း။
ထိုကဲ့သို့ ထိရောက်သော အာဟာရရရှိပါက ခန္ဓာကိုယ်ပုံမှန်ကြီးထွားပြီး ဦးနှောက်ဖွံ့ဖြိုးမှုကောင်းသောကလေးငယ်များဖြစ်လာမည်ဖြစ်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက် အားထားရမည့် မျိုးဆက်သစ်များ ရရှိမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေကို ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများ အာဟာရပြည့်ဝရေးအတွက် ထိရောက်စွာအသုံးချရန် လိုအပ်ပါကြောင်း၊ အစားအစာများ သန့်ရှင်းလတ်ဆတ်ရေး၊ အာဟာရ ပြည့်ဝစွာ စားသုံးရေးတို့အတွက်လည်း အသိပညာပေးအစီ အစဉ်များကို ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလာကြခြင်းဖြင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်းများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်ကို ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်ဝန်ဆောင်မိခင်များလည်းသိရှိပြီး လိုက်ပါဆောင်ရွက်ကြခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသတွင်း တာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူများ၊ သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ဒေါက်တာ စမ်းစမ်းအေးက ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရ/သုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ LIFT Fund နှင့် UNICEF တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment