Thursday, March 2, 2017

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် မဖြစ်မနေမြှင့်တင်ပေးရမည်



Image may contain: 1 person
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဗဟိုကော်မတီဝင် ဒေါက်တာမောင်မောင်သိမ်းတို့၏ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောကြားချက်များကို ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်-
ဦးခင်မောင်ချို
ပြည်ထောင်စုဝန်ကြီး
စက်မှုဝန်ကြီးဌာန
အတွင်းရေးမှူး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ

SME ဥပဒေ၊ နည်းဥပဒေတွေကတော့ ထွက်ပြီးသားဖြစ်ပါတယ်။ ခေတ်နဲ့ ဈေးကွက်စီးပွားရေးနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြန်ပြင်ရပါမယ်။ အကျိုးသက်ရောက်မှု၊ ထိရောက်မှု ရှိ၊ မရှိဆိုတာလည်း ပြန်လည်သုံးသပ်ပြီးတော့ လိုအပ်တဲ့ အပိုင်းတွေမှာ ပြန်လည်မွမ်းမံပြုပြင်ဖို့ လိုပါတယ်။
ဒါတွေ ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ ပြည်သူလူထုအတွက် တကယ်အထောက်အကူပြုမယ့် SME လုပ်ငန်းတွေကို အကျိုးသက်ရောက်မှု ရှိ၊ မရှိ ဆိုတာကို အမြဲသုံးသပ်ပြီး လိုအပ်သလို သက်ဆိုင်ရာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့အထောက်အပံ့တွေကို မပြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ပေးတဲ့အခါမှာ ပြဿနာတစ်ခုရှိတာက သူတို့ရဲ့ နည်းပညာပိုင်းချို့တဲ့မှု တွေအများကြီးရှိခဲ့တာ ရှိပါတယ်။ အဲဒီနည်းပညာတွေကို ပံ့ပိုးပေးဖို့လည်း ကျွန်တော်တို့ စက်မှုဝန်ကြီး ဌာနရဲ့ အဓိကတာဝန်ပါ။
အခုချိန်မှာဆိုရင် စက်မှုသင်တန်း ကျောင်းလို Mobile Vocational Training Sector အများကြီး ဖွင့်ပြီးတော့ ပြည်သူလူထုရဲ့ ချို့တဲ့နိမ့်ကျ နေတဲ့အတွေ့အကြုံတွေကို နိုင်ငံတကာအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဘယ်လိုမြှင့်တင်ပေးမလဲ၊ ဘယ်လိုအားပေးမလဲ။ သူတို့ နည်းမှန်လမ်းမှန် ဖြစ်သွားရင် သူတို့ရဲ့ ထုတ်လုပ်မှုတွေဟာ အရင်က ထုတ်လုပ်မှုတွေ နဲ့ မတူဘဲ ပြည်သူလူထုကို တကယ် အထောက်အကူပြုတဲ့၊ တကယ်အကျိုးပြုတဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်စေတဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဈေးကွက်က လက်ခံမယ့်ပစ္စည်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။
ထုတ်လုပ်တဲ့ပစ္စည်းက ဈေးကွက်က မလိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက် ပြည်ပကို ထိုးဖောက်ဖို့ အင်မတန်ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါတွေကို အရည်အသွေးတိုးမြှင့်ဖို့ အတွက် ဦးစားပေးပြီးတော့ သင်တန်းတွေ ပို့ချပေးမှာဖြစ်ပါတယ်။ လိုအပ်တဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေနဲ့ မပြတ်လေ့လာပြီး ပြည်သူလူထုရဲ့ အမှန်တကယ် ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို SME Agency ဖွဲ့ပြီးတော့ တစ်နိုင်ငံလုံးက ပျံ့ပျံ့နှံ့နှံ့ ကူညီပူးပေါင်းဆောင်ရွက်ပေးရင် အချိန်တိုအတွင်း အမြန်ဆုံး SME တိုးတက်လာမှာဖြစ်ပါတယ်။
SME တိုးတက်တာက နိုင်ငံတိုးတက်တာနဲ့ အတူတူပဲ။ SME လုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးရဲ့ ၉၉ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ SME တိုးတက်လာရင် နိုင်ငံတော်ကြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံအပြင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ SME လုပ်ငန်းမှာ အမှီပြုပြီး တိုးတက်မှု လုပ်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ SME လုပ်ငန်းတွေဟာ နည်းပညာအသစ် တွေကို ဆန်းသစ်တီထွင်တဲ့နေရာမှာ သူများထက် လျင်မြန်သွက်လက်ပြီး တုံ့ပြန်နိုင်တဲ့အတွက် ဈေးကွက်လိုအပ်ချက်ပစ္စည်းတွေကို အမှန်အကန် အမြန်ဆုံး ဈေးနှုန်းချိုသာစွာနဲ့ ထုတ်ပြန်ပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်နိုင်တဲ့အတွက် ပြည်သူလူထုအတွက်လည်း လူမှုစီးပွားဘဝ တိုးတက်လာမယ်။ အလုပ်အကိုင်အခွင့်အရေးလည်း ရမယ်။ ဒါကြောင့်မို့ SME ကတော့ မဖြစ်မနေ မြှင့်တင်ပေးရမယ့်တာဝန်ရှိနေ ပါတယ်။
SME (အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ) မှာ ဘယ်လောက် အဆင့်က အသေးစားပေါ့၊ ဘယ်လောက်အဆင့်က အလတ်စား၊ ဘယ်လောက်အဆင့်က အကြီးစားဆိုတာတွေက ခုန တင်ပြဆွေးနွေးတဲ့နေရာမှာ ပါသွားပါတယ်။ အကြီးစားခေါ်ခေါ်၊ အသေးစားခေါ်ခေါ် အောင်မြင်မှုရလဒ် မရှိဘူးဆိုရင် တိုးတက်မှုမရှိသလို ကျွန်တော်တို့က အချည်းအနှီးဖြစ်သွားပါလိမ့်မယ်။
အဲဒီတော့ ကျွန်တော်တို့ဟာ အမည်နာမ သတ်မှတ်ချက်ထက် ထိရောက်မှု အကျိုးရှိ၊ မရှိကို ဦးစားပေးပြီးတော့ လိုအပ်တဲ့အကူအညီ ငွေရေးကြေးရေး အကူအညီ၊ နည်းပညာအကူအညီ အားလုံးအဘက်ဘက်က ပံ့ပိုးပေးမှာဖြစ်ပါ တယ်။ ဒီအပေါ်မှာတော့ အသေးစား မို့လို့၊ အလတ်စားမို့လို့၊ အကြီးစားမို့လို့ မပေးဘူးဆိုတာ မရှိပါဘူး။ အမည်နာမက အဓိက မဟုတ်ဘဲနဲ့ သူရဲ့စွမ်းဆောင်မှုသာလျှင် အဓိကဖြစ်တယ်လို့ ပြောလိုပါတယ်။
ဒေါက်တာမောင်မောင်သိမ်း
အဖွဲ့ဝင်၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ

SME ဟာ နိုင်ငံဖွံ့ဖြိုးရေးမှာ အင်မတန်အရေးပါတဲ့ အထဲမှာ ပါပါတယ်။ ဒီနေ့ဖွံ့ဖြိုးတိုးတက်နေတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ဆိုရင် SME ဖွံ့ဖြိုးမှုကို အခြေခံပြီး နိုင်ငံဖွံ့ဖြိုးမှုဖြစ်လာတယ်။ SME တွေ ဘာလို့ အရေးပါတာလဲလို့ မေးရင် နံပါတ်(၁)အချက်က SME တွေဟာ အလုပ်အကိုင်ဖွံ့ဖြိုးမှုကို အားပေးတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ အလုပ်အကိုင်ဖွံ့ဖြိုးမှု အတွက်ကို ၅ဝ ရာခိုင်နှုန်းကနေ ၇ဝ ရာခိုင်နှုန်းအထိ အားပေးတယ်။
ဂျပန်လို နိုင်ငံမျိုးကျတော့ ၇၂ ရာခှိုင်နှုန်းလောက် အားပေးတယ်။ ဒီလိုပဲ ဥရောပဆိုရင် ၆၆ ရာခိုင်နှုန်း အလုပ်အကိုင်ဖွံ့ဖြိုးမှုကို အားပေးတယ်။ ဒါ SME ရဲ့ အရေးပါမှုပါ။ သုတေသန လုပ်ချက်အရဆိုရင် ပျမ်းမျှခြင်းအားဖြင့် SME တွေဟာ နိုင်ငံတော်ရဲ့ဝင်ငွေ ၃၃ ရာခိုင်နှုန်းလောက် အထောက်အကူပြုတယ်။ှနြ တွေရဲ့ ပါဝင်နိုင်မှုမှာ ဘယ်နိုင်ငံမှာပဲကြည့်ကြည့် စီးပွားရေးလုပ်ငန်းတွေရဲ့ ၉ဝ ရာခိုင်နှုန်း လောက်ရှိတယ်။ မြန်မာပြည်ဆိုရင် SME တွေရဲ့ ကဏ္ဍဟာ စီးပွားရေး လုပ်ငန်းတွေရဲ့ ၉၉ ဒသမ ၄ ရာခိုင် နှုန်းလောက် ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အရေးကြီးတယ်ဆိုတာ ပေါ်ပါတယ်။ SME တွေဟာ ထုတ်ကုန်အတွက် တော်တော်လေး အရေးကြီးတဲ့ အထဲမှာပါတယ်။
SME တွေဟာ လူလတ်တန်းစားအလွှာကို အထောက်အကူပြုတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူလတ်တန်းစာ အလွှာကြီးတော့မှ နိုင်ငံတိုးတက် တယ်ပေါ့။ အဲဒီလောက်ကို အထောက်အကူပြုတယ်။ ဒါ့အပြင် အားလုံးပေါင်းခြုံလိုက်တဲ့အခါ SME တွေဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတွေကို အများကြီးအထောက်အကူ ပေးတယ်လို့ ပြောနိုင်ပါတယ်။
ဒါကြောင့်မို့လို့ SME တိုးတက်မှုဟာ အလွန်အရေးပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေတဲ့ google က စပြီးတော့ Facebook အဆုံး တစ်ချိန်တုန်းက SME တွေပါပဲ။ အခုမှ ကြီးထွားသွားတဲ့ အနေအထားရှိတယ်။ အခုဆိုရင် နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဦးဆောင်တဲ့ SME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး ပထမအကြိမ် လုပ်လိုက်တယ်။ ဆွေးနွေး ကြတာတွေ၊ လမ်းညွှန်ချက်ပေးတာတွေက တော်တော်ကောင်းတဲ့အနေ အထားရှိပါတယ်။
ဒါကို ထိထိရောက်ရောက် ဆက်လုပ်ဖို့လည်းလိုတယ်။ ထိထိရောက်ရောက် ဆက်လုပ်နိုင်မယ်ဆိုရင် SME တွေဖွံ့ဖြိုးမှု အရေးပါလာမှာပါ။ SME တွေ ဖွံ့ဖြိုးမှလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်သွားမှာပါ။ လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိတာပေါ့။ အထူးသဖြင့် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေရှိမယ်။ SME ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် အဓိကအားဖြင့် မဏ္ဍိုင်ကြီး (၃)ခု လိုအပ်တယ်။
ပထမ မဏ္ဍိုင်က ဘဏ္ဍာရေးမဏ္ဍိုင်၊ ဒုတိယ မဏ္ဍိုင်ကတော့ နည်းပညာ ဖွံ့ဖြိုးအောင်သင်ပေးရမယ့် မဏ္ဍိုင်၊ တတိယမဏ္ဍိုင်ကတော့ ကူးသန်းရောင်းဝယ်ရေး၊ ရောင်းဝယ် ဖောက်ကားရေးတွေမှာ လုပ်တတ်အောင် လုပ်ပေးရမယ်။ အဲဒီမဏ္ဍိုင် ၃ ခုမှာ ဘဏ္ဍာရေးမဏ္ဍိုင်ကတော့ အရေးကြီးဆုံးပဲ။ ကျန်တဲ့မဏ္ဍိုင်တွေ ဘယ်လောက်ကောင်းကောင်း ဘဏ္ဍာရေးမဏ္ဍိုင် မပေးနိုင်ရင် အလကားပဲ။ ဘဏ္ဍာရေးမဏ္ဍိုင် ပြန်ကြည့်ရင်လည်း လုပ်နိုင်တဲ့ ပုံစံ (၃)မျိုးရှိတယ်။
နံပါတ်(၁) အပေါင်ပစ္စည်းကို အခြေခံပြီးတော့ ငွေကြေးထောက်ပံ့တယ်။ ဒုတိယကတော့ သတင်းအချက်အလက်ပေါ် မူတည်ပြီး ငွေကြေးထောက်ပံ့တယ်။ တတိယကတော့ ဖြစ်ထွန်းအောင်မြင်မှု အလားအလာကို အခြေခံပြီးတော့ ငွေကြေးထောက်ပံ့တယ်။ အပေါင်ပစ္စည်းတင်ပြီး ငွေချေးတယ်။ ချေးတဲ့အခါကျရင် SME က ငွေရ သွားရင် သူ့လုပ်ငန်းသူ လုပ်နိုင်တယ်။ သို့သော် SME မှာ ပြဿနာရှိတာက SME တွေမှာ တင်လောက်တဲ့ အပေါင်ပစ္စည်းတွေ မရှိတာများတယ်။ ဒါကြောင့် SME တွေ ဖြစ်နေတာပေါ့။ အိမ်တွေ၊ ခြံတွေပိုင်တယ်ဆိုရင်တော့ ဘာမှ SME လို့ ခေါ်လို့မရတော့ဘူး။ SME အလားအလာ မရှိတဲ့အတွက် ငွေချေးဖို့ အခက်အခဲရှိပါတယ်။ ရှိသွားတာကို ဘယ်လိုဖြေရှင်းဖို့ ကြိုးစားခဲ့သလဲဆိုရင် ချေးငွေအာမခံပါ။ SME တွေငွေချေးလိုက်ပါ။ သူတို့မှာ အပေါင်ပစ္စည်းမရှိဘူး။ သို့သော် ငွေချေးလိုက်ပါ။ တကယ်လို့ SME က မဆပ်နိုင်ဘူးဆိုရင် အာမခံကုမ္ပဏီက ဆပ်မယ်ဆိုတဲ့ အာမခံ အမျိုးအစား ချေးငွေအာမခံပေါ့။ အဲဒါကို ၂ဝ၁၄ ခုနှစ်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ ဘဏ်တစ်ခုနဲ့ပေါင်းပြီး လုပ်ခဲ့တယ်။ ဒါကိုလည်း ဘဏ်တွေက အသုံးပြုပြီးတော့ ငွေချေးဖို့ (၂)နှစ် ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။ သို့သော်လည်း ပြီးခဲ့တဲ့နှစ်ကစပြီး အောင်မြင်လာတယ်။ အခုဆိုရင် ဖေဖော်ဝါရီ ၂၄ ရက် စာရင်းဇယား အရဆိုရင် SME ၂၁ ခုကို ငွေချေး ပေးနိုင်သွားပြီ။ နောက်ထပ်လည်း ၁၆ ခုလောက်ကလာဖို့ အလားအလာ ရှိနေတယ်ပေါ့။ ဒါက တိုးတက်မှုပါ။
ဒုတိယ သတင်းအချက်အလက် ပေါ်မူတည်ပြီးလည်း ငွေချေးတာပဲ။ ဘာကိုမူတည်လဲဆိုရင် SME ရဲ့ သတင်းအချက်အလက်တွေ၊ ငွေဝင် ငွေထွက်အခြေအနေတွေ ငွေကြေးဆိုင်ရာထုတ်ပြန်ချက်တွေကို မူတည်ပြီးတော့ ချေးတာပါ။ အဲဒီမှာ ဘာပြဿနာရှိသလဲဆိုရင် SME တွေဟာ ထုတ်ပြန်ချက် သေသေချာချာ မလုပ်တတ်ကြဘူး။ အဲဒီအခါ ဘဏ် တွေကလည်း ငွေချေးဖို့လက်တွန့်တာပေါ့။ ဘာလို့လဲဆိုရင် SME တွေက စွန့်စားမှုကြီးမားတယ်။ တစ်ဖက်ကလည်း ငွေပြန်ရဖို့ အဲဒီမှာလည်း ပြဿနာရှိတယ်။ အဲဒီကိစ္စမှာလည်း ကျွန်တော်တို့က အထောက်အကူ လုပ်ပေးဖို့ လိုတာပေါ့။ စာရွက်စာတမ်းတွေ မှန်ကန်ဖို့အတွက်ကို အားပေး ရမှာပေါ့။
ဖြစ်ထွန်းအောင်မြင်မှု အလားအလာကို အခြေခံပြီးတော့ ငွေချေးတာ မဟုတ်တော့ဘူး။ ရှယ်ယာဝင်ထည့်ပေးတာ။ သို့သော်လည်းပဲ လက်ရှိအခြေအနေမှာ SME ဥပဒေ ပုဒ်မ (၂)(ဂ)မှာ SME လုပ်ငန်း လုပ်တဲ့သူဟာ ၁ဝဝ ရာခိုင်နှုန်း နိုင်ငံသားဖြစ်ရမယ်လို့ ရေးထားတဲ့အတွက် နိုင်ငံခြားက အခက်အခဲ ဖြစ်သွားပြန်ရော။ အဲဒါကိုလည်း ပြင်ပေးဖို့လိုအပ်တာပေါ့။ လိုအပ်တာ တွေကို ဝိုင်းလုပ်နိုင်တယ်ဆိုရင် SME တိုးတက်သွားလိမ့်မယ်။ SME တိုးတက်တယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးဟာ တက်သွားပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မျိုးမြင့်နှင့်အဖွဲ့ (သတင်းစဉ်)

No comments:

Post a Comment