Thursday, March 2, 2017

သမိုင်းဝင်ဓာတ်ပုံများ၊ သတင်းဓာတ်ပုံများနှင့် ဆုရဓာတ်ပုံများစွာအပါအဝင် ရန်ကုန်ဓာတ်ပုံပွဲတော် မတ် ၄ ရက်မှ ၁၉ ရက်အထိ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပမည်

Image may contain: 2 people, people standing, hat and text
ရန်ကုန် မတ် ၁
ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံတွင် မတ် ၄ ရက်မှ ၁၉ ရက်အထိ သမိုင်းဝင်ဓာတ်ပုံများ၊ ကမ္ဘာကျော် သတင်းဓာတ်ပုံများ၊ ဆုရဓာတ်ပုံများစွာနှင့် စိတ်ဝင်စားဖွယ် အစီအစဉ်များစွာပါဝင်သည့် ရန်ကုန်ဓာတ်ပုံပွဲတော် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ပြင်သစ်ယဉ်ကျေးမှုဌာနမှ သိရသည်။
ရန်ကုန်ဓာတ်ပုံပွဲတော်ကို ယခုနှစ်အပါအဝင် (၉) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ ပြင်သစ်သံရုံး ပြင်သစ်ယဉ်ကျေးမှုဌာန၌သာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အများ ပြည်သူကြည့်ရှုလေ့လာနိုင်မည့် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပြပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှု ဌာန၌ ကျင်းပခဲ့သည်။
''ဒီပွဲမှာပြသမယ့် World Press Photo ဆိုရင်လည်း သူတို့နိုင်ငံမှာတောင် ပုံမှန်ဆိုရင် အဆောက်အအုံတွေထဲမှာ ပြသခဲ့တာပါ။ များသောအားဖြင့်လည်း ဝင်ကြေးပေးပြီး ကြည့်ရတဲ့ ပြပွဲတွေပါ။ အခုကတော့ အများပြည်သူ အခမဲ့လေ့လာနိုင်အောင် မဟာဗန္ဓုလပန်းခြံမှာ ပြသခွင့်ရခဲ့တာဟာ ပထမဦးဆုံးပြသနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်'' ဟု ပြင်သစ်ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ရန်ကုန်ဓာတ်ပုံပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ် ၃ ရက်တွင် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပမည်ဖြစ်ပြီး မဟာဗန္ဓုလပန်းခြံတွင် ဓာတ်ပုံပြပွဲများ ပြသခြင်းနှင့်အတူ ပြင်သစ်ယဉ်ကျေးမှုဌာနတွင်လည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ ဆိုင်းဝိုင်းနှင့်အတူ တီးခတ်ခြင်းများ ပါဝင်မည်ဖြစ်ပြီး DJ နှင့်အတူ ဓာတ်ပုံတင်ဆက်မှုများ ပါဝင်မည်ဟု သိရသည်။ မတ် ၄ ရက်မှစတင်ကာ မဟာဗန္ဓုလပန်းခြံတွင် နိုင်ငံတကာနှင့် မြန်မာဓာတ်ပုံဆရာများ၏ ဓာတ်ပုံ ဇာတ်လမ်းကောင်းများကို ပြသသွားမည်ဟု သိရသည်။
ယင်းအပြင် ကမ္ဘာ့အကြီးကျယ်ဆုံး၊ သိက္ခာအမြင့်ဆုံး ဖြစ်သည့် ဓာတ်ပုံစာနယ်ဇင်းဆုဖြစ်သည့် World Press Photo 2016 အတွက် ဆုရဓာတ်ပုံများကို ပြသထားမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ ၁၉၈ဝခုနှစ်ခန့်က မြန်မာ တိုင်းရင်းသားများအား မှတ်တမ်းတင်ရိုက်ကူးခဲ့သော ဓာတ်ပုံ များ၊ ၁၉၁၈ မှ ၁၉၃၅ ခုနှစ်ကြား တောင်ပေါ်တိုင်းရင်းသား လူမျိုးစုများနှင့် ယဉ်ကျေးမှုများအား မှတ်တမ်းတင်ရိုက်ကူး ခဲ့သည့်ဓာတ်ပုံများ၊ ၁၉၇ဝ ခုနှစ်ဝန်းကျင်ကာလက ဘဲလေး ဓာတ်ပုံ စတူဒီယို၏ ရန်ကုန်ဖက်ရှင်ဓာတ်ပုံများ စသည့် စိတ်ဝင်စားဖွယ်ဓာတ်ပုံများကို ပြသထားမည်ဖြစ်သည့် အပြင် ပြင်သစ်ယဉ်ကျေးမှုဌာနတွင်လည်း ဓာတ်ပုံပညာအလုပ်ရုံဆွေးနွေးပွဲများ၊ သတင်းစာလွတ်လပ်ခွင့်နှင့် ဆွေးနွေးမှု၊ ဓာတ်ပုံပညာရပ်အကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည့် ကမ္ဘာ့အနုပျိုဆုံး တောင်ဆူဒန် နိုင်ငံ၌ မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်းမှ အကြောက်တရား နှင့် အားငယ်မှုအဖြစ် ပြောင်းလဲသွားမှုများကို ဓာတ်ပုံပညာဖြင့် ဖော်ပြထားမှုများကို ပြသကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဓာတ်ပုံပညာရှင်များပါဝင်သော အကဲဖြတ်အဖွဲ့များရှေ့တွင် အကောင်းဆုံးဓာတ်ပုံ ဇာတ်လမ်းဆုအတွက် မြန်မာဓာတ်ပုံဆရာများက ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန်ကုန်ဓာတ်ပုံည ဓာတ်ပုံဇာတ်လမ်းပြသမှုနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၁၁ ရက် ညနေ ၆ နာရီတွင် ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ကျင်းပသွားမည်ဟု သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment