Thursday, March 2, 2017

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၁/၂ဝ၁၇) အစည်းအဝေးကျင်းပ



Image may contain: 1 person, indoor
နေပြည်တော် မတ် ၁
SME များသည် နေရာဒေသအနှံ့အပြားတွင် တည်ရှိနေခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများကို ကျေးလက်ဒေသအထိ ပေးနိုင်စွမ်းရှိသည့်အပြင် Internal Migration ခေါ် ကျေးလက်ဒေသမှ မြို့ပြသို့ ပြည်တွင်းပေါင်းစည်း အခြေချမှုအား ဖြစ်ပေါ်စေသော မလိုလားအပ်သည့် မြို့ပြကျယ်ပြောမှု (Urbanization)ကို တားဆီးနိုင်မည်ဖြစ်ပါကြောင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောကြားသည်။
အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂ဝ၁၇) အစည်း အဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ပြင် ''နိုင်ငံရဲ့စီးပွားရေးယန္တရား တည်ဆောက်ပေးကြသူများဖြစ်တဲ့ SME တွေ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေဖို့ အားပေးဆောင်ရွက်ဖို့နဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Policy တွေ၊ ဥပဒေတွေ၊ နည်း ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ် ပြုစုပြဋ္ဌာန်းဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်ရာမှာလည်း နိုင်ငံတော်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နဲ့ ဒေသအဆင့်တို့မှာ လိုအပ်တဲ့ ကျောရိုးမူဘောင်တွေကို ခိုင်မာစွာ တည်ထောင်ရမှာ ဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမည့် Factor (၄) ခုဖြစ်တဲ့ လုပ်ငန်းသစ်များ အစပျိုးရာမှာ တွေ့ကြုံရမယ့် အခက်အခဲ အတားအဆီးများလျှော့ချရေး၊ ရင်းနှီးမတည်ငွေ စီးဆင်းမှု၊ ပညာပေးခြင်းနဲ့ စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက် ချိတ်ဆက်ခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ချိမှု အားကောင်းစေခြင်းဖြင့် International Supply Chain ထဲ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတက တိုင်းပြည်တစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် SME များသည် အဓိက အသက်သွေးကြောအဖြစ် တည်ရှိနေသည်ကို တွေ့ရပါကြောင်း၊ SME များသည် နိုင်ငံဖွံ့ဖြိုးမှု၏ မောင်းနှင်အားဖြစ်သကဲ့သို့ စွန့်ဦးတီထွင်မှု Entrepreneurship လုပ်ငန်းများလည်း ဖြစ်ကြပါကြောင်း၊ ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်ကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန် လွယ်ကူစွာ တုံ့ပြန်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိကြပါကြောင်း။
ယခုဖွဲ့စည်းပြီးသည့် ဗဟိုကော်မတီက လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့နှင့် အခြားလိုအပ်သည့်အဖွဲ့များကို ဆက်လက်ဖွဲ့စည်း တာဝန်ပေးအပ်ရန် လိုအပ်ပါကြောင်း။
လုပ်ငန်းကော်မတီ ဖွဲ့စည်းပေးရန် လိုအပ်သည့် အမည်စာရင်းကိုလည်း SME ဥပဒေ၊ အခန်း ၅၊ ပုဒ်မ ၇ ပါသတ်မှတ်ချက်များနှင့်အညီ ယနေ့အစည်းအဝေးတွင် အဆိုပြုသတ်မှတ်ပေးကြရန်ဖြစ်ပါကြောင်း၊ ယင်းသို့ သတ်မှတ်အတည်ပြုပြီးပါကလည်း အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် အခြားလိုအပ်သည့်အဖွဲ့များကို ဥပဒေနှင့်အညီဖွဲ့စည်းရန် လုပ်ငန်းကော်မတီကို တာဝန်ဆက်လက်ပေးသွားရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းကော်မတီဖွဲ့စည်းပြီးပါက မိမိတို့ဗဟိုကော်မတီ၏ သဘောတူညီမှုနှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ အေဂျင်စီနဲ့ အေဂျင်စီရုံးခွဲများကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ရမည်ဖြစ်ပါကြောင်း။
SME လုပ်ငန်းများသည် အလွန်များပြားလှပြီး ကျယ်ပြန့်ခြင်းကြောင့် စနစ်တကျ အာရုံစိုက်၍ ဘက်ပေါင်းစုံပံ့ပိုး ဆောင်ရွက်သင့်သည်ဟု ပြောကြားလိုပါကြောင်း၊ ယခုအစည်းအဝေးမှစ၍ SME ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ အရှိန်မြှင့်ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးတိုးတက်မှုတွင် အဓိကပါဝင်သည့် SME များ တိုးတက်ရန် အင်တိုက်အားတိုက်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တွဲဖက်ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က SME များ မလွှဲမရှောင်သာ တိုးတက်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများသည် SME များ ဖြစ်ပါကြောင်း၊ ဤ SME များအောင်မြင်မှ နိုင်ငံ့စီးပွားရေး အောင်မြင်မည်ကို ထူးထူးထွေထွေ ရှင်းပြနေစရာ မလိုပါကြောင်း၊ SME များနှင့်ပတ်သက်၍ အစိုးရဌာနများက သတ်မှတ်ထားသည့် လိုအပ်သော ပံ့ပိုးမှုများမှာ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးမှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာ ကိုင်သာသော စီးပွားရေးဝန်းကျင်ကောင်းများဆိုပြီး အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားပါကြောင်း။
၎င်းနှင့်ပတ်သက်၍လည်း ဖိတ်ကြားထားသည့် ပညာရှင်များ၊ အတတ်ပညာရှင်များ၊ အသိပညာရှင်များက ဝိုင်းဝန်းဆွေးနွေးပြီး ဘယ်လိုအကောင်းဆုံး ကျွန်မတို့ အကောင်အထည်ဖော်နိုင်မလဲ၊ မိမိတို့၏ မူဝါဒများကို ဘယ်လို အကောင်အထည်ဖော်နိုင်မလဲဆိုသည့် အကြံကောင်းများပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
SME များသည် ပြည်တွင်းရော ပြည်ပပါ ဆက်သွယ်ပေးထားသည့် တံတားဟုလည်း ပြော၍ရပါကြောင်း၊ ယခုအချိန်တွင် SME များထူထောင် သည့် မိမိတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်ကို မေ့၍မရပါကြောင်း၊ ထို့ကြောင့် အာဆီယံက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ တန်ဖိုးထားစံနှုန်းဘောင်များထဲမှ လုပ်ရန်လိုသလို မိမိတို့နိုင်ငံ၏ လိုအပ်ချက်ကိုကြည့်ပြီး လုပ်ရန်လိုပါကြောင်း၊ SME များကို တည်ထောင်သည့်အခါ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုသည်ကို မေ့၍မရပါကြောင်း။
SME ဆိုလျှင် တော်တော်များများကို ထူထောင်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်နွှယ်တယ်ဟု မထင်ကြကြောင်း၊ စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မဆက်နွှယ်ဘဲ စက်မှုလက်မှုနှင့် ဆက်နွှယ်သည်ဟု ထင်သည့်ပုဂ္ဂိုလ် အများကြီးရှိပါကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွှယ်ရန် လိုပါကြောင်း၊ ၂၁ ရာစု ကမ္ဘာ၏ စားသောက်ကုန်များ လိုအပ်ချက်အပေါ် အခြေခံပြီး မိမိတို့၏ SME များ ဘယ်လိုတိုးတက်နိုင်မလဲ၊ အခြားနိုင်ငံများ၏ SME များထက် ဘယ်လိုအင်အားများနိုင်မလဲ၊ တွန်းအားရှိနိုင်မလဲဆိုသည်ကို အဓိကထားပြီး မိမိတို့၏ အတတ်ပညာရှင်များ၊ အသိပညာရှင်များက အကြံပြုစေချင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၏ လိုအပ်ချက်သည် အဓိကဖြစ်ပါကြောင်း၊ ကိုယ့်နိုင်ငံသည် ကမ္ဘာကြီးတွင် အထီးကျန်အနေဖြင့် ရပ်တည်နိုင်မည်မဟုတ်ပါကြောင်း၊ ဒေသတွင်း ဆက်နွှယ်မှုများ၊ ကမ္ဘာကြီး၏ ဆက်နွှယ်မှုများနှင့် ဆက်နွှယ်ပြီး မိမိတို့ SME များ အောင်မြင်အောင် လုပ်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''အရေးအကြီးဆုံးက ပညာရေးပါပဲ။ SME ကစပြီး လုပ်နေတဲ့ လုပ်ငန်းလေးတွေ ပိုပြီးအောင်မြင်အောင် ကျွန်မတို့ အစိုးရအနေနဲ့ ဘယ်လိုပံ့ပိုးရမလဲ။ အစိုးရက အားလုံးလုပ် ပေးလို့မရပါဘူး။ ကျွန်မတို့ဟာ ဈေးကွက်စီးပွားရေးစနစ်ကို ယုံကြည်တဲ့စနစ်ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေး စနစ်အတွင်းမှာ SME လုပ်ငန်းတွေ အောင်မြင်အောင် အစိုးရက ဘယ်လိုပံ့ပိုးမလဲဆိုတာကို ဗဟိုကော်မတီအနေနဲ့ ဦးဆောင်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဈေးကွက် စီးပွားရေးစနစ်အတွင်း ပံ့ပိုးပေးဖို့၊ လက်ဝါးကြီးအုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒတွေအရ လုပ်ရမယ်ဆိုပြီး ကန့်ကွက်ဖို့လည်းမဟုတ်ပါဘူး။ ဈေးကွက်စီးပွားရေးစနစ်အတွင်း SME လုပ်ငန်းတွေ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုပံ့ပိုးကူညီမလဲ၊ ဘယ်လိုပံ့ပိုးမလဲ၊ ဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေတဲ့တစ်ချိန်တည်းမှာ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပြီး စီးပွားရေးအရဆက်သွယ်မှုတွေသာမက လူမှုရေးအရ ဆက်သွယ်မှုတွေ တိုးတက်ကောင်းမွန်ဖို့ ဘယ်လိုလုပ်သွားမလဲဆိုတာ ကြည့်ပြီး အကြံဉာဏ်ပေးစေချင်ပါတယ်။
ကျွန်မတို့ အမြင်ကျယ်ဖို့လိုပါတယ်။ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ရေရှည်မှာ မအောင်မြင်နိုင်ပါဘူး။ ရေတိုအောင် မြင်မှုတော့ ရကောင်းရနိုင်ပါတယ်။ ရေရှည် SME တွေ အောင်မြင်ဖို့ဆိုရင် ကမ္ဘာ့ရေစီးကြောင်းကို ကြည့်ရုံတင်မကပါဘူး။ ကမ္ဘာ့ရေစီးကြောင်းအပေါ် ကျွန်မတို့ သြဇာလွှမ်းမိုးဖို့ လိုပါလိမ့်မယ်။ ကျွန်မတို့မှာ တီထွင်ဉာဏ်ရှိရပါမယ်။ တီထွင်ဉာဏ်ကို အကောင်အထည်ဖော် နိုင်ရမယ်။ တခြားနိုင်ငံတွေမှာ မသုံးဘူးတဲ့ နည်းပညာတွေ လုပ်ထုံးလုပ်နည်းတွေကို ရှာရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေထက် စီးပွားရေးမှာ တော်တော်နောက်ကျ နေပါတယ်။ နောက်ကျနေလို့ ကျော်တက်ဖို့ဆိုရင် တခြားသူတွေမတွေးဖူးတဲ့ အတွေးတွေးမှဖြစ်မယ်။ ဈေးကွက်သစ်တွေ ဖန်တီးရမယ်။
အဲဒီလိုစိတ်တွေနဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေက ရဲရဲဝံ့ဝံ့ အကြံပြုကြပါ။ မစမ်းသပ်ဖူးတဲ့ နည်း တွေနဲ့ စမ်းသပ်ရဲရမယ်။ မိုက်ရူးရဲဆန်တာကို ပြောတာမဟုတ်ပါဘူး။ သတ္တိရှိရှိပညာကိုအသုံးပြုပြီး သူများတွေ မလုပ်ဖူးတဲ့ နည်းတွေကိုလုပ်မယ်ဆိုရင် SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်မှ အထောက်အကူဖြစ်မှာဖြစ် ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ စီးပွားရေးနဲ့ အင်မတန်မှ ဆက်နွှယ်နေပါတယ်။ ကမ္ဘာကြီးရဲ့ နိုင်ငံရေးကိုကြည့်လိုက်ရင် စီးပွားရေးတောင့် တင်းတဲ့နိုင်ငံတွေကို ကျန်နိုင်ငံတွေက အင်မတန်မှ မျက်နှာချိုသွေးနေရတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဟာ သြဇာလွှမ်းမိုးလာကြတယ်။ ကျွန်မတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နဲ့ ရပ်တည်စေချင်လို့ ဖြစ်ပါတယ်။ SME နဲ့ပတ်သက်လို့ လုပ်ငန်းကော်မတီဟာ ကျွန်မတို့ အစိုးရဘက်က သင့်တော်တဲ့ဌာနများရဲ့ ကိုယ်စားလှယ်များသာမက အတတ်ပညာရှင်များ၊ အသိပညာရှင်များ၊ ပြည်သူတွေအတွက် စေတနာနဲ့ စဉ်းစားပေးမယ့် ပုဂ္ဂိုလ်တွေကို ထည့်သွင်းထားတာဟာ နိုင်ငံအနေနဲ့ အရင်တုန်းကဘယ်လိုပဲနောက်ကျခဲ့၊ အခုဆိုရင် အင်မတန်မှ အရေးကြီးတဲ့ စီးပွားရေးကဏ္ဍဖြစ်တဲ့ SME တွေကို အခြေခံပြီးတော့ တခြားနိုင်ငံတွေနဲ့ ရင်ပေါင် တန်းရုံတင်မက ကျော်တက်သွားနိုင်တဲ့ အခြေအနေတွေကို ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားသည်။
ထို့နောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းတင်ပြသည်။
SME များ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းသွားစေရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုနှင့် ခရိုင် ၃၈ ခုတို့တွင် စုစုပေါင်းရုံးခွဲ ၅၃ ရုံးဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
SME မူဝါဒ၏ မျှော်မှန်းချက်မှာ ကဏ္ဍအသီးသီးရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်းစီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရေးတို့ကို ဦးဆောင်သွားနိုင်ရန် ဖြစ်သည်။
SME ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေ နှင့်အညီ ပံ့ပိုးပေးနိုင်ရန်အတွက် SME Development Law ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ဥပဒေနှင့်အညီ ဖွဲ့စည်းရမည့် အမျိုးသားအဆင့်ကော်မတီ များ သက်ဆိုင်ရာအဖွဲ့များနှင့် SME Agency တို့ကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရှိ SME Member အရေအတွက် စုစုပေါင်း ၅၉၆၉၄ ဦး ရှိကြောင်း၊ SME လုပ်ငန်းများရှိ လုပ်သားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်အတွက် စက်မှုဝန်ကြီးဌာန စက်မှုသင်တန်းကျောင်းများတွင် နှစ်စဉ်ပုံမှန်သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ စက်မှုနှင့်သက်မွေးပညာ ရွေ့လျားသင်တန်းများ (Mobile Vocational Training)အား ကျေးလက်ဒေသများအရောက် လှည့်လည်သင်တန်း ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပညာရှင်များက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ၊ ပြဋ္ဌာန်းပြီးဥပဒေ၌ ပြုပြင်သင့်သည့် အချက်များ၊ တာဝန်ခွဲဝေမှုများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပံ့ပိုးပေးရန် ခြောက်ခုရှိပါကြောင်း၊ ငွေကြေး၊ လျှပ်စစ်၊ လုပ်သာကိုင်သာရှိသော သင့်တော်သောအခွန်အကောက်၊ Credit Guarantee စသည်တို့ကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရာတွင် သတ်သတ်မှတ်မှတ် တာဝန်ခွဲပေးရန် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း၊ ကော်မတီသို့ စီးပွားရေးလုပ်ငန်းရှင်၊ ပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အကြံပေးနိုင်အောင် ဖွင့်လှစ်ထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအတွက် ပညာရပ်များ၊ နည်းပညာများဖြန့်ဝေရာတွင် စနစ်တကျဖြန့်ဝေရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ပညာရှင်များလည်း တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment