Thursday, March 2, 2017

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အတွက် လမ်းဖွင့်ပေးထားသည်ဟု ထရန့်က ကွန်ဂရက်လွှတ်တော်သို့ပြော



Image may contain: one or more people, people standing, suit and beard
ဝါရှင်တန် မတ် ၁
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အတွက် မိမိလမ်းဖွင့်ပေးထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ကွန်ဂရက်လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်က မိန့်ခွန်းပြောကြားရာတွင် ဖော်ပြလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက ပြောဆိုခဲ့သည့် လေသံထက် ပိုမိုပျော့ပျောင်းသောလေသံဖြင့် သမ္မတထရန့်က ရှင်းလင်းပြောကြားခဲ့သည်ဟု နိုင်ငံရေး ဆန်းစစ်လေ့လာသူများက မှတ်ချက်ပြုသည်။
ဒေါ်နယ်လ်ထရန့်၏ ဦးဆောင်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအတွင်း သဘောကွဲလွဲမှု ဖြစ်ပေါ်နေဆဲမှာပင် ၎င်း၏မူဝါဒများနှင့်ပတ်သက်၍ ကွန်ဂရက် လွှတ်တော်မှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထရန့်သည် ဒီမိုကရက်များနှင့်လည်းကောင်း၊ သတင်းဌာနများနှင့်လည်းကောင်း အငြင်းပွားခဲ့ရမှုများကို ပြည်ဖုံးကားချကာ ပြည်သူများ၏ ယုံကြည်မှု ပြန်လည်ရရှိ နိုင်ရန် ကြိုးပမ်းလျက်ရှိပုံရကြောင်း သတင်းတွင် ဖော်ပြထားသည်။
သမ္မတ၏မိန့်ခွန်းမှာ ကတိစကားများက အလေးပေးနေပြီး ၎င်း၏ မူဝါဒရေးရာနှင့် ပတ်သက်၍ ဥပဒေပြုရေးဆိုင်ရာ စိန်ခေါ်မှုများကို မည်သို့မည်ပုံဖြေရှင်းမည်ကို တိတိပပပြောကြားမှု နည်းပါးသည်ဟု နိုင်ငံရေးအကဲခတ် သူများက သုံးသပ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲရေး၊ အခွန်ဖြတ်တောက်လျှော့ချမှု ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရေး၊ လမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းနှင့် တည်ဆောက်ခြင်းတို့အတွက် ရန်ပုံငွေဒေါ်လာ တစ်ထရီလီယံ အသုံးပြုမည့် အစီအစဉ် တစ်ရပ်ကို ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် မိမိအကောင်အထည်ဖော်လိုကြောင်း ထရန့်က ပြောကြားသည်။
ဥပဒေမဲ့ ရွှေ့ပြောင်းအခြေစိုက်နေထိုင်မှုကို ဖြိုခွင်းမည်ဟု ထရန့်က သန္နိဋ္ဌာန်ချမှတ်ကာ မဲဆွယ်စည်းရုံးရေး ကာလက ကြေညာခဲ့သော မူဝါဒရေးရာအစီအစဉ်များကို ထောက်ခံမှုရရှိရန် ၎င်းက စည်းရုံးခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်နှင့် ပတ်သက်၍ ရီပတ်ဘလီကန်များနှင့်ဒီမိုကရက်တို့ လက်တွဲကြိုးပမ်းကြရန် ထရန့်က မေတ္တာရပ်ခံသည်။
ကွန်ဂရက်ရှိ ပါတီကြီးနှစ်ပါတီမှ အမတ်များအားလုံး အပေးအယူ အလျှော့အတင်းရှိကြလျှင် မဖြစ်နိုင်စရာ အကြောင်းမရှိကြောင်း၊ သို့ရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒသစ်သည် ကျွမ်းကျင်မှု နည်းပါးသော ရွှေ့ပြောင်းအခြေစိုက် နေထိုင်သူများအပေါ် အခြေခံခြင်း မရှိသင့်ဘဲ ကျွမ်းကျင်ပညာရှင်များအပေါ်တွင်သာ အခြေခံသင့်ကြောင်း ထရန့်ကပြောကြားသည်။ အမေရိကန်တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်စေရေး၊ အမျိုးသားလုံခြုံရေး တိုးတက်ကောင်းမွန်ရေး၊ အမေရိကန်၏ ဥပဒေများကို ရွှေ့ပြောင်းအခြေစိုက်သူများ လေးစားလိုက်နာကြရေးဟူသော ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းသည်။
ရိုက်တာ။

No comments:

Post a Comment