Thursday, March 2, 2017

အားလုံးအတွက် ဆွေးနွေးအဖြေရှာ



Image may contain: text
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အရ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးပြီးသော ပြည်နယ်များတွင် ကျင်းပနိုင်ခဲ့ပြီး ဒေသအလိုက် ဆွေးနွေးပွဲများကို တိုင်းဒေသကြီးများတွင် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။
ဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်းသည် ပြည်ထောင်စုတစ်ဝန်း ငြိမ်းချမ်းရေးနှင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ဖြစ်၍ ဆွေးနွေးပွဲများ၏ရည်မှန်းချက်အတိုင်း အောင်မြင်ထမြောက်အောင် တိုင်းရင်းသားပြည်သူများအားလုံးက ဆက်လက်၍ တက်တက်ကြွကြွပါဝင်ကြရမည်ဖြစ်သလို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများကလည်း ဆက်လက်ပါဝင်ဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။
လူမျိုးအလိုက်ကျင်းပသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ကျင်းပခဲ့သည်။ ဒေသအလိုက်ကျင်းပသော အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့ကြသူများကိုယ်တိုင် ကျေနပ်မှုများရရှိကြကာ မတူကွဲပြားသော အမြင်ပေါင်းစုံတို့မှ တူရာတူရာတို့ကိုစုစည်းနိုင်ခဲ့သည့် ရလဒ်ကောင်းများကို ဖော်ထုတ်နိုင်ခဲ့ပေသည်။
ထိုကဲ့သို့ အမျိုးသားအဆင့်ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်းသည် (၂၁)ရာစုပင်လုံတွင်ကျင်းပမည့် ဆွေးနွေးပွဲများကို ပိုမိုမြိုင်ဆိုင်လာနိုင်မည်ဖြစ်သည်။ အန္တိမရည်မှန်းချက်ဖြစ်သည့် ပြည်ထောင်စုတစ်ဝန်း ငြိမ်းချမ်းရေးနှင့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်ရာတွင် အပစ်အခတ်ရပ်စဲရေးအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်မြေယာသဘာဝဝန်းကျင်ကဏ္ဍမှာ တိုင်းရင်းသားပြည်သူများအတွက် အရေးကြီးသဖြင့် ထိုအရေးအရာများကို အလေးထားဆွေးနွေး နိုင်ခဲ့ခြင်းမှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။
ဆွေးနွေးမှုရရှိချက်များမှ အများသဘောတူညီသောအချက်များ၊ ပြည်ထောင်စုအတွက် အကျိုးရှိစေမည့်အချက်များ၊ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်ဖြစ်စေမည့် အချက်များကို စုစည်းရယူနိုင်မည်ဆိုလျှင် (၂၁)ရာစုပင်လုံအတွက် အကြိုအောင်မြင်မှုများဖြစ်လာမည်ဖြစ်သည်။
ယခု NCA လက်မှတ်ရေးထိုးပြီးသောပြည်နယ်များတွင် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသည့်ဒေသများမှ အဖွဲ့များ အတွက်လည်း ယုံကြည်မှုများကို ပိုမိုပေးစွမ်းနိုင်မည်ဖြစ်သည်။ မိမိတို့ ပေးနိုင်သည်များနှင့် မိမိတို့ရပိုင်ခွင့်များအားလုံးကို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ရလဒ်များကိုစုစည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆက်လက်တင်သွင်းနိုင်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်လာမည်။
နိုင်ငံအတွက်အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်ပြီး ပြည်သူများအတွက် မျှော်လင့်ချက်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ နိုင်ငံနှင့်ပြည်သူအကျိုးဟုဆိုရာတွင် အပစ်အခတ်ရပ်စဲ ရေးသာမက တိုင်းရင်းသားပြည်သူများအားလုံး၏ ဒေသအလိုက်၊ လူမျိုးအလိုက် လိုအပ်နေသောအကျိုးစီးပွားများကို ပွင့်လင်းမြင်သာစွာဖြင့် ဆွေးနွေးအဖြေရှာကြရမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတိုင်းအတာတစ်ခုအထိအောင်မြင်မှု ရရှိနေပြီဖြစ်သော်လည်း အပြည့်အဝအောင်မြင်မှုရရှိရန် လိုအပ်ချက်များ များစွာ ရှိနေသေးသည်။ ယင်းကိုရရှိနိုင်ရန် စိန်ခေါ်မှုများစွာကို နှစ်ပေါင်း များစွာ ကြိုးပမ်းကျော်ဖြတ်နေရဆဲဖြစ်သည်။
ယခုဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်းသည် အဖြေရှာ၍ မရနိုင်သေးသော NCA တွင် အားလုံးပါဝင်လာနိုင်ရေးအတွက် ကနဦး ကြိုးပမ်းဆောင်ရွက်ချက်များပင်ဖြစ်သည်။ ဆွေးနွေးပွဲများတွင် အမြင်မတူ မှုများကို အပြင်းအထန်ငြင်းခုံဆွေးနွေးပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် တူရာတူရာများကို စုစည်းထုတ်ဖော်ထားကြရမည်ဖြစ်သည်။
သို့မှသာ တိုင်းရင်းသားပြည်သူအားလုံးမျှော်လင့်စောင့်စားနေသော ပြည်ထောင်စုကြီးငြိမ်းချမ်းရေးနှင့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် (၂၁)ရာစုပင်လုံတွင် ရလဒ်ကောင်းများနှင့် ဆက်လက်ဆွေးနွေး အဖြေရှာနိုင်မည်ဖြစ်သည်။ ။

No comments:

Post a Comment